ရခိုင်တွင် သွေးအလှူရှင်လျော့နည်းလာ၍ လူနာများအတွက် သွေးရရှိမှုခက်ခဲလာ

ပုံမှန်သွေးအလှူရှင်များနှင့် အရွယ်ကောင်းလူငယ်များမှာ အလုပ်အကိုင် ရှားပါးခြင်းကြောင့် မုန်တိုင်းလွန်ကာလတွင် ပြည်ပထွက်ခွာမှုများလာသဖြင့် သွေးအလှူရှင် လျော့နည်းသွားခြင်းဟု လူမှုကူညီရေးအဖွဲ့များက ပြောကြသည်။

By Admin 27 Jul 2023

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်က စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ပုံမှန်သွေးအလှူရှင်များ လျော့နည်းလာ၍ အရေးပေါ်သွေးလိုအပ်ချိန် သွေးရှာရခက်ခဲလာကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။  

ပုံမှန်သွေးအလှူရှင်များနှင့် အရွယ်ကောင်းလူငယ်များမှာ အလုပ်အကိုင် ရှားပါးခြင်းကြောင့် မုန်တိုင်းလွန်ကာလတွင် ပြည်ပထွက်ခွာမှုများလာသဖြင့် သွေးအလှူရှင် လျော့နည်းသွားခြင်းဟု လူမှုကူညီရေးအဖွဲ့များက ပြောကြသည်။

“သွေးအလှူရှင်တွေက တစ်ဝက်လောက် သိသိသာသာနည်းသွားတယ်။ ဒီကြားထဲ လူနာတွေကများတော့ သွေးအလှူရှင်ရှာရတာ အခက်အခဲအရမ်းရှိတယ်။ လူနာရှင်တွေကိုပါ ရှာခိုင်းရတယ်။ ရှားပါးတာတော့ တကယ်ပဲ” ဟု မြောက်ဦးမြို့မှ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။ 

ယခင်ကဆိုလျှင် ဆေးရုံများ၏ သွေးလှူဘဏ်တွင် ပုံမှန်လာရောက်ပြီး သွေးလှူသူများ၊ မွေးနေ့အထိမ်းအမှတ်အဖြစ် သွေးလှူသူများရှိခဲ့သော်လည်း မုန်တိုင်းအလွန်တွင် သွေးလှူဒါန်းသူများ လျော့နည်းလာခြင်း ဖြစ်သည်။ 

လက်ရှိမှာ လူနာများအတွက် သွေးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှု အားနည်းလာပြီး စိုးရိမ်စရာဖြစ်နေကြောင်း စစ်တွေမြို့၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ကိုလင်းလင်းက ပြောသည်။  

“သွေးလိုတဲ့လူနာက ပိုများလာတယ်။ သွေးအလှူရှင်တွေကလည်း ရှားလာတယ်။ အခုအခြေအနေက ပိုဆိုးတယ်” ဟု ကိုလင်းလင်းက ပြောသည်။

ရခိုင်တွင် မုန်တိုင်းအလွန်ကာလ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေပြီး လူနာများအတွက် သွေးလိုအပ်ချက် များပြားနေသည်။

လူနာများအတွက် သွေးအဆင်သင့်မရှိသဖြင့် သွေးအလှူရှင်များကို အရေးတကြီးရှာနေရကြောင်း စစ်တွေမြို့၊ ရက္ခတော်ဝင်သွေးအလှူရှင်များအသင်းမှ သွေးတာဝန်ခံ ကိုအောင်ဇော်လင်းက ပြောသည်။  

“သွေးတစ်လုံးရဖို့ လူနှစ်ဆယ်လောက်ကို ဖုန်းဆက်ရတယ်။ တချို့က လှူလို့အဆင်ပြေပေမယ့်  သွေးလှူတာကိုကြောက်တာ၊ မိဘတွေက ခွင့်မပြုတာတွေလည်းရှိတယ်။ ဒီကာလက သွေးရရှိဖို့က အရမ်းခက်ခဲ့တဲ့ ကာလပါပဲ” ဟု ကိုအောင်ဇော်လင်းက ပြောသည်။  

လတ်တလော သွေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နီးစပ်ရာအသိမိတ်ဆွေများမှတစ်ဆင့် သွေးအလှူရှင်များကို နည်းမျိုးစုံဖြင့် ရှာနေရကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။  

“သွေးလိုအပ်လူနာတွေက များတယ်။ ကျမတို့အဖွဲ့ကတော့ အတတ်နိုင်ဆုံး ကြိုးစားရှာပေးနေပါတယ်” ဟု ကျောက်တော်မြို့ ရွှေဂရုဏာသွေးလှူရှင်များအသင်းမှ သွေးတာဝန်ခံ မရတနာခိုင်က ပြောသည်။  

ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလမှ  ဇူလိုင်လ ၂၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၆၃ ဦးအထိ ရှိလာပြီး သေဆုံးသူမရှိသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

မုန်တိုင်းလွန်ကာလ သွေးလွန်တုပ်ကွဲရောဂါဖြစ်ပွားမှု မြင့်တက်လာနေသဖြင့် သွေးအလှူရှင်သူများနေအနေဖြင့် နီးစပ်ရာလူမှုကူညီရေးအသင်းအဖွဲ့များမှာ စာရင်းပေးထားပြီး သွေးလိုအပ်ချက်ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးရန် လူမှုကူညီရေးအသင်းများက လှုံ့ဆော်ထားသည်။  

#I010 

ဗီဒီယိုများ