မောင်တော - အငူမော်ကားလမ်း စစ်ကောင်စီဂိတ်အချို့ပြင်ဆင်မှု ဒေသခံများစိုးရိမ်

ရခိုင်ပြည်၊ မောင်တောမြို့နှင့် ရသေ့တောင်မြို့နယ် အငူမော်ကားလမ်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့ကို ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်ရန်ပြင်ဆင်နေသည်ကို တွေ့ရကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

By Admin 06 Jul 2023

အငူမော် - မောင်တောကားလမ်းရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
အငူမော် - မောင်တောကားလမ်းရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၆

ရခိုင်ပြည်၊ မောင်တောမြို့နှင့် ရသေ့တောင်မြို့နယ် အငူမော်ကားလမ်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့ကို ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်ရန်ပြင်ဆင်နေသည်ကို တွေ့ရကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်များကို ရခိုင်တကျော့ပြန်စစ်ပွဲ အပစ်ခတ်ရပ်ချိန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ပိတ်ထားခဲ့ပြီး လက်ရှိတွင် စစ်ဆေးရေး ဂိတ်အချို့ကို ပြန်ဖွင့်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“သူတို့ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ပြင်တာတော့ တွေ့တယ်။ မုန်တိုင်းကြောင့် ပြိုပျက်သွားလို ပြန်ပြင်တာလည်း ဖြစ်နိုင်တယ်။ ဂိတ်တွေဖွင့်ပြီး စစ်တော့ မစစ်ဆေးသေးဘူး။ ဝါးတန်းဂိတ်တွေ ပြန်လုပ်နေတာရှိတယ်” ဟု ကားသမားတစ်ဦးက DMG ကိုပြောသည်။

ယခင်တိုက်ပွဲကာလက ကားလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၁၀ ခုခန့်ရှိပြီး ကုန်ပစ္စည်းသယ်ယူမှုနှင့် ခရီးသွားလာမှုများကို တင်းကျပ်စွာစစ်ဆေးခဲ့သည်။ အပစ်ရပ်ပြီးနောက်တွင် ဂိတ်တစ်ချို့ကို ရုပ်သိမ်းသွားခဲ့သည်။

လက်ရှိမုန်တိုင်းလွန်ကာတွင် မောရဝတီ ဗျူဟာဂိတ် အပါအဝင် တခြားဂိတ် ၅ ခုထက်မနည်းကို ပြုပြင်နေသည်။ စစ်ဆေးရေးဂိတ်များပြန်ဖွင့်ပြီး စစ်ဆေးမှုတင်းကျပ်လာမည်ဆိုလျှင် ကုန်စည်စီးဆင်းမှုအပြင် စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး စသည့်အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“အခုလို စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ဖို ပြင်ဆင်နေတာက ပြည်သူအတွက် မကောင်းတဲ့သတင်းဖြစ်တယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း လွတ်လပ်စွာသွားဖို့ အဆင်မပြေတော့ဘူး။ မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူတွေ ပိုပြီးအခြေအနေဆိုးနိုင်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

မောင်တော - အငူမော် ကားလမ်းသည် ၄၉ မိုင်ကျော်ရှည်ကာ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် အဓိကအရေးပါသည်။ လတ်တလောတွင် ဒေသခံများမှာ မုန်တိုင်းဒဏ်ကြောင့် အကျပ်အတည်းဖြစ်နေ၍ ခရီးသွားလမ်းကြောင်းများကို လွတ်လပ်စွာဖွင့်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

“အရင်ကလိုမျိုး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှု၊ ကန့်သတ်လာရင်တော့ ပြည်သူတွေအတွက် တော်တော်နစ်နာမှာ။ ခရီးသွားတွေအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်မယ်။ အခုရခိုင်ပြည်က မုန်တိုင်းဒဏ်ကိုလည်း အများကြီး ခံထားရတာဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် အစိုးရ(စစ်ကောင်စီ)ကလည်း စဉ်းစားသင့်တယ်၊ ဖြေလျော့ပေးသင့်တယ်” ဟု မောင်တော သမန်းသား‌ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ပြန်လည်ချထားရန် ပြင်ဆင်နေသည်ဆိုသည့် ဒေသခံများပြောဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

#I011

ဗီဒီယိုများ