- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ရခိုင်တွင် ဒုတိယအသုတ် ကိုဗစ်ချေးငွေလျှောက်ထားသူ ပထမအကြိမ်ထက် ငါးဆပိုများလာ
ရခိုင်ပြည်နယ်တွင် ဒုတိယအသုတ် ကိုဗစ်ချေးငွေလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်အရေအတွက်မှာ ပထမအသုတ် ကိုဗစ်ချေးငွေလျှောက်ထားသူထက် ငါးဆခန့်ပိုများလာကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
14 Aug 2020
မျိုးသီရိကျော် | DMG
သြဂုတ် ၁၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ဒုတိယအသုတ် ကိုဗစ်ချေးငွေလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်အရေအတွက်မှာ ပထမအသုတ် ကိုဗစ်ချေးငွေလျှောက်ထားသူထက် ငါးဆခန့်ပိုများလာကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပထမအသုတ် ကိုဗစ်ချေးငွေထုတ်ချေးစဉ်က လာရောက်လျှောက်ထားသူ ၅၀ ဦးရှိခဲ့ပြီး ယခု ဒုတိယအသုတ် ကိုဗစ်ချေးငွေကို လာရောက်လျှောက်ထားသူမှာ ၂၈၉ ဦးအထိရှိကြောင်း သိရသည်။
ပထမအကြိမ် ထုတ်ချေးစဉ်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများကိုသာ ထုတ်ချေးခဲ့ သော်လည်း ဒုတိယအကြိမ်တွင် ရခိုင်ပြည်နယ်အတွင်း အဓိကလုပ်ကိုင်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုပါ ထုတ်ချေးလာသည့်အတွက် ယခုကဲ့သို့ ချေးလိုသူ များပြားလာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။
“ကိုဗစ်ကြောင့် ရခိုင်ပြည်နယ်မှာလည်း ရပ်ဆိုင်းသွားတဲ့လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဆိုတော့ အခုလိုမျိုး ချေးငွေချေးပေးတာဟာ ကောင်းပါတယ်။ အခုကဏ္ဍတွေမဟုတ်ဘဲ အခြားကားဝပ်ရှော့တို့ဆိုလည်း အနည်းနဲ့ အများ ထိခိုက်နေတယ်ပေါ့။ အဲဒီတော့ တတိယအကြိမ်၊ စတုတ္ထအကြိမ်တွေဆိုပြီး ချေးငွေတွေထုတ်ချေးလာရင်လည်း ကောင်းတာပေါ့၊ အခွန်ဆောင်ထားတဲ့ စာရင်းတွေ၊ ဝင်ငွေထွက်ငွေစာရင်းတွေကို ကြိုတင်လုပ်ဆောင်ထားရင်လည်း ပိုကောင်းပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။
ကိုဗစ်ကြောင့် လုပ်ငန်းများရပ်ဆိုင်းနေချိန် မိမိလုပ်ငန်းအား ပြန်လည် လည်ပတ်ရန် အထောက်အပံ့တစ်ခု ဖြစ်စေရေးအတွက် ချေးငွေလျှောက်ထားကြောင်း စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဦးအောင်အောင်က ဆိုသည်။
“အစိုးရကထုတ်ချေးပေးတဲ့ငွေကိုလည်း ထိထိရောက်ရောက်အသုံးချဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်းကို ပြန်လည် ရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိထိရောက်လုပ်ဆောင်ဖို့လိုတယ်။ အတိုးနှုန်က မပေးရသလောက်ပါပဲ။ ဆိုတော့ အလွဲသုံးစားမသုံးဖို့လည်း လိုပါတယ်” ဟု ဦးအောင်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့်စီးပွားရေးလုပ်ငန်းများအတွက် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီမှ ပထမအကြိမ်ချေးငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ ကို ပြီးခဲ့သည့်ဧပြီလက စတင်ထုတ်ချေးခဲ့သည်။
ယင်းနောက် ကော်မတီ၏အစည်းအဝေးအမှတ်စဉ် ၆/၂၀၂၀ ဆုံးဖြတ်ချက်အရ ကျပ်ဘီယံ ၁၀၀ ထပ်မံ ဖြည့်စွက်ကာ ဒုတိယအကြိမ်ချေးငွေကို ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်အတွင်း လျှောက်ထား နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။