မဲအများဆုံးနိုင်ထားသည့် ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် ရခိုင်မျိုးနွယ်စုများ တောင်းဆို

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ရွေးကောက်ပွဲရလဒ်အရ မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက တောင်းဆိုနေကြသည်။

By မင်းထွန်း 08 Jan 2021

ပုံစာ - ၂၀၂၁ ခုနှစ်၊ ANP ဗဟိုရုံး၌ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များ တွေ့ဆုံကြစဉ်။ (ဓါတ်ပုံ - ANP)

မင်းထွန်း | DMG
ဇန်နဝါရီ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ရွေးကောက်ပွဲရလဒ်အရ မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက တောင်းဆိုနေကြသည်။

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များနှင့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားလူမျိုးများ၏ လူမျိုးစုတိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ဇန်နဝါရီလ (၇) ရက်နေ့ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုရုံး၌ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မရမာကြီး လူမျိုးစုခေါင်းဆောင် ဦးမောင်နုက “ ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက မဲအများဆုံးဖြစ်တဲ့အတွက် ရခိုင်ပါတီကို အစိုးရဖွဲ့ခွင့်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်ပါတီက အစိုးရဖွဲ့ခွင့်ရမှ ရခိုင်တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒုက္ခ၊ သုခကို သိမှာဖြစ်တယ်။ NLD ပါတီက သိမှာမဟုတ်ဘူး။ အဲဒါကြောင့် ဖြစ်အောင်လုပ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ANP မှ ဗဟိုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၂၀၂၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြိုအမျိုးသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးရေးပါတီ၊ ဒိုင်းနက်တိုင်းရင်းသားပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မရမကြီးလူမျိုးစုခေါင်းဆောင်များ၊ ဟိန္ဒူလူမျိုးစုခေါင်းဆောင်များ စုစုပေါင်း (၃၀) ဦး တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ယင်းအပြင် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှာလည်း ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရရှိထားသည့်အတွက် အစိုးရထပ်မံဖွဲ့စည်းနိုင်သည့် ပါတီဖြစ်နေသည်။

ANP ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျနော်တို့မှာ အုပ်ချုပ်ရေးအာဏာ မရဘူး၊ အစိုးရမဖွဲ့နိုင်ဘူး၊ ဖွဲ့ခွင့်မပေးဘူးဆိုရင် ဘယ်အာဏာတွေ၊ ဘယ်လုပ်ပိုင်ခွင့်တွေနဲ့ ဒီတိုင်ရင်းသား မျိုးနွယ်စုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ ဘဝတွေ ဖွံံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရဖွဲ့ခွင့်ရလျှင် မျိုးနွယ်စုလူမျိုးများ၏ လက်ရှိကြုံတွေ့နေရသည့် ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကမန်လူမျိုးခေါင်းဆောင် ဒေါ်ခင်မျိုးညွှန့်က ဆိုသည်။

“ကျမတို့က ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တယ်။ ရခိုင်လူမျိုးပါတီတစ်ခုက အစိုးရ ဖွဲ့ခွင့်ရမယ်ဆိုရင် ကောင်းတာပေါ့။ ကျမတို့ ကမန်တိုင်းရင်းသားကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးတွေက အရမ်းဒုက္ခရောက်နေပါတယ်။ အဲဒါတွေကို ပြည်နယ်အစိုးရ ဖွဲ့ခွင့်ရမယ်ဆိုရင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှာ ဘဝလုံခြုံမှု အကာကွယ်မဲ့နေခြင်း၊ စီးပွားရေး၊ လူမှုရေး ခြိမ်းခြောက်ခံရခြင်းများ၊ အားကိုးရာမဲ့နေခြင်းများကို မျိုးနွယ်စုများမှတင်ပြသည့် အသံများကို ကြားရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြာင်းနှင့် ANP အနေဖြင့် ပြည်နယ်အစိုးရဖြစ်မည်ဆိုလျှင် အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများ၏ အခက်အခဲများကို မဖြစ်မနေ အကောင်အထည်ဖော်ပေးသွားမည်ဟု ANP ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု (၇) ခုရှိပြီး ၎င်းတို့မှာ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် လူမျိုးတို့ဖြစ်သည်။

လက်ရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုနိုင်ငံရေးပါတီများမှာ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားပါတီ၊ ခမီဖွံ့ဖြိုးရေးပါတီ၊ မြိုအမျိုးသားပါတီ၊ ခူမီး (ခမီ) အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ အသီးသီးရှိကြသည်။

ဗီဒီယိုများ