လျှပ်စစ်ကား စီမံကိန်းအတွက် တရုတ်ထုတ် လျှပ်စစ်ကားအားသွင်းရုံများကို စစ်ကောင်စီက တည်ဆောက်နေ

လောင်စာဆီသုံး မော်တော်ယာဉ်အစား လျှပ်စစ်သုံး မော်တော်ယာဉ်(EV)များကို  အစားထိုးနိုင်ရန် စစ်ကောင်စီဥက္ကဌ၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်နှင့် နေပြည်တော် အမြန်လမ်းတို့တွင် လျှပ်စစ်ကားအားသွင်းရုံ ဆောက်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်နေသည်။

By Admin 18 Feb 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတာဝန်ရှိသူများ Charging Station ဆောင်ရွက်နေမှု ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတာဝန်ရှိသူများ Charging Station ဆောင်ရွက်နေမှု ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

DMG ၊ ဖေဖော်ဝါရီ ၁၈

နိုင်ငံအနှံ့တွင် အလှည့်ကျ အချိန်ပိုင်းစနစ်ဖြင့် လျှပ်စစ်မီးပေးနေရသည့် အခြေအနေတွင် လျှပ်စစ်ကား စီမံကိန်းအတွက် စစ်ကောင်စီက တရုတ်ထုတ် လျှပ်စစ်ကားအားသွင်းရုံ (၁၂)ခုထက်မနည်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်က တင်သွင်းလာခဲ့ကြောင်း သိရသည်။

ပြည်တွင်းရှိ လောင်စာဆီသုံး မော်တော်ယာဉ်အစား လျှပ်စစ်သုံး မော်တော်ယာဉ်(EV)များကို  အစားထိုးနိုင်ရန်ဟု ဆိုကာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်နှင့် နေပြည်တော် အမြန်လမ်းတို့တွင် လျှပ်စစ်ကားအားသွင်းရုံဆောက်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက “EV ကားတွေအတွက် လျှပ်စစ်သွင်းအားရုံတွေ စဆောက်နေပြီ။ ရန်ကုန်နဲ့ နေပြည်တော်မှာ စီမံကိန်းပုံစံမျိုး လုပ်နေတယ်။ အမြန်လမ်းဘက်မှာ အများဆုံးတွေ့တယ်။ အားသွင်းရုံပုံစံတွေကို နေပြည်တော်က လျှပ်စစ်ဝန်ကြီးဌာနရုံးအတွင်းထဲကို ကားတွေနဲ့ လာပို့ထားတယ်လို့သိရတယ်”ဟု ပြောသည်။

အဆိုပါ လျှပ်စစ်မော်တော်ယာဉ်များ(EV)အတွက် အားသွင်းအသုံးပြုရန် တရုတ်နိုင်ငံ ကုမ္ပဏီများဖြစ်သည့် Earth Renewable Energy ကုမ္ပဏီမှ 60 KW (၅)စုံ၊ 200 KW (၂)စုံနှင့် N.P.K Motors မှ 60 KW (၅)စုံ စုစုပေါင်း အားသွင်းစက် (၁၂)စုံမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဖော်ပြသည်။

လျှပ်စစ်မော်တော်ယာဉ်(EV)များကို ဓာတ်အားသွင်းရန်အတွက် အားသွင်းရုံများကို ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှ အမှတ်(၃)တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်းနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် သပြေကုန်ဈေးတို့၌ တပ်ဆင်အသုံးပြုသွားမည့်အပြင် ရန်ကုန်တွင် အားသွင်းရုံ တစ်ရုံကို သီရိမင်္ဂလာစျေးနေရာ၌ Asia-Pacific AutoMaker ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးထားသည်။

လျှပ်စစ်အားသွင်းရုံတည်ဆောက်ရေး ပြီးစီးသွားခဲ့လျှင် လိုအပ်မည့် လျှပ်စစ်ဓာတ်အားများကို ဆိုလာအားသွင်း စနစ်ဖြင့် အဓိကထားအသုံးပြုမည့်အပြင် MOEE က ချမှတ်ထားသည့် Standard Operation Procedure (SOP) အတိုင်း နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ ပို့လွှတ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြည်တွင်းမီဒီယာအချို့ကို ပြောဆိုထားသည်။

လျှပ်စစ်မော်တော်ယာဉ် လျှပ်စစ်ဓာတ်အားအတွက် နေရောင်ခြည်သုံး ဆိုလာစနစ်ကို အသုံးပြုမှုမှာ မှန်ကန်သော်လည်း နိုင်ငံတော်ဓာတ်အားကို အသုံးပြုမည်ဟုပြောဆိုခြင်းမှာ ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား မလုံလောက်သည့်ပြဿနာ ဖြစ်ပေါ်နေမှုကြောင့် လက်တွေ့ဆောင်ရွက်ရာ၌ မလွယ်ကူနိုင်ကြောင်း စီးပွားရေးသုတေသီတစ်ဦးက ထောက်ပြသည်။

“သဘာဝစွမ်းအင်သုံး ဆိုလာစွမ်းအင်နဲ့ အားဖြည့်စနစ်လုပ်မှာက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားကိုပါ အရန်အဖြစ် အသုံးပြုမယ်ဆိုရင်တော့ နဂိုတည်းက လျှပ်စစ်ဓာတ်အား မလုံလောက်တာ ကြာနေပြီ။ တကယ့်လက်တွေ့မှာတော့ အသုံးပြုဖို့ မဖြစ်နိုင်လောက်ဘူး”ဟု ၄င်းကပြောသည်။

လျှပ်စစ်မော်တော်ယာဥ်(EV)နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီ၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက စိတ်ဝင်စားသည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းဖိတ်ခေါ်မှုအရ ကုမ္ပဏီ ၂၆ ခုမှ ထိုကော်မတီသို့တင်ပြခဲ့ပြီး Chin Dwin Shan Construction နှင့် NPK Motors စသည့် တရုတ်နိုင်ငံမှ ကုမ္ပဏီနှစ်ခုကိုရွေးချယ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်တွင် ပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ်နဲ့ ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် Chin Dwin Shan Construction မှ BYD E2 အမျိုးအစားအစီး(၃၀)နှင့် NPK Motors မှ EV (၁၀)စီးတို့ကို တင်သွင်းထားကာ Chin Dwin Shan Construction မှ EV (၁၀)စီးကို ရန်ကုန်လေဆိပ် အခြေပြုနှင့် NPK Motors မှတင်သွင်းသည့် EV (၁၀)စီးကို သပြေကုန်းဈေး(နေပြည်တော်)အခြေပြု အများသုံး တက္ကစီယာဉ်များအဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဦးဆောင်ကော်မတီ ဖွံဖြိုးတိုးတက်ရေးကော်မတီမှ အသိပေးထားသည်။

EV ကားများ ပြည်တွင်းသို့ တင်သွင်းရန်အတွက် ကုမ္ပဏီများကိုဖိတ်ခေါ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် စစ်ကောင်စီနှင့် အဆင်ပြေသည့် ကုမ္ပဏီတချို့ကိုသာ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးကပြောသည်။

“ဘာမှ ပွင့်လင်းမှု မရှိဘူး။ ကုမ္ပဏီတွေကို အတင်းကျပ်ခေါ်ပြီးတော့ သူ(စစ်ကောင်စီ)နဲ့ အဆင်ပြေမယ့် ကုမ္ပဏီကိုပဲ တင်သွင်းခွင့်ပေးသွားတယ်။ လာတဲ့ကုမ္ပဏီတွေလည်း အကုန်မျက်နှာပျက်ရတယ်”ဟု ၄င်းကဆိုသည်။

လျှပ်စစ်ကား(EV)နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်အပေါ် ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ အားသွင်းရုံ (၇)ရုံနှင့် နေပြည်တော်တွင်(၇)ရုံအပါအဝင် EV ကား အားသွင်းရုံ(၃၈)ရုံအတွက် အားသွင်းစက် (၅၁)လုံးကို တပ်ဆင်ရန်ခွင့်ပြုထားကြောင်း စစ်ကောင်စီ၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

လျှပ်စစ်ကား အားသွင်းရုံများကို ရန်ကုန်-နေပြည်တော် အမြန်လမ်းနှင့် လမ်းဟောင်းတို့အပြင် နေပြည်တော်-မန္တလေးလမ်း၊ လားရှိုးလမ်း၊ မော်လမြိုင်လမ်းနှင့် ကရင်ပြည်နယ်တို့၌ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားမည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

#F004

ဗီဒီယိုများ