စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ရခိုင်မှ မှတ်ပုံတင်ထားသည့် ပါတီ ၂ ခုရှိလာ

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်မှ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်သည်။ အင်အားကြီး ရခိုင်အမျိုးသားပါတီ(ANP)ကလည်း ယခုရက်ပိုင်းအတွင်း ပါတီ မှတ်ပုံတင်ရန် စီစဉ်နေကြောင်း သိရသည်။ 

By Admin 15 Mar 2023

ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုဌာနချုပ်ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Khamee Media Group
ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုဌာနချုပ်ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Khamee Media Group

DMG ၊ မတ် ၁၅

စစ်ကောင်စီက စီစဉ်နေသည့် လာမည့် ရွေးကောက်ပွဲအတွက် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံသို့ မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့ မတ်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ဒေသတွင် ခမီလူမျိုးများကိုယ်စား နိုင်ငံရေးပါတီတစ်ခု ရှိသင့်သည့်အတွက် ပါတီဆက်လက်ရပ်တည်ခြင်း ဖြစ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး-၂ ဦးသန်းဌေးက DMG သို့ပြောသည်။

“လက်ရှိ နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ ပြည်ထောင်စုတစ်ခုလုံးကို လွှမ်းခြုံပြီးတော့ လုပ်နိုင်တဲ့အနေအထား မရှိဘူး။ ရခိုင်ဒေသအခြေအနေကိုပဲ ကျနော်တို့က စဉ်းစားပြီးတော့ လုပ်ရတဲ့အနေအထား ဖြစ်တယ်။ ကျနော်တို့ ခမီးလူမျိုးတို့ကိုယ်စား နိုင်ငံရေးပါတီတစ်ခုဟာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရခိုင်ဒေသရဲ့အခြေအနေအရ ကျနော်တို့ ရှိကိုရှိသင့်တယ်၊ ဆက်ပြီးတော့ ရပ်တည်သင့်တယ်ဆိုတဲ့ အယူအဆနဲ့ ဆက်ပြီး ရပ်တည်သွားတာဖြစ်ပါတယ်။ မှတ်ပုံတင်ထားတာကတော့ ၁၄ ရက်နေ့က တင်တာပါ” ဟု ၎င်းကဆိုသည်။

ခမီအမျိုးသားပါတီမှာ ပြည်နယ်အဆင့်တွင် စည်းရုံးရန် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ခမီအမျိုးသားပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၃ နေရာဝင် ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

■ အချို့ပါတီများလည်း မှတ်ပုံတင်ရန် ရှိနေ

ရခိုင်ဒေသမှ တခြားမျိုးနွယ်စုပါတီ တချို့မှာလည်း  ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်ရန် ရှိနေသေးကြောင်း သိရသည်။ ယင်းအထဲတွင် မြိုတိုင်းရင်းသားပါတီလည်း ပါဝင်သည်။ လူမျိုးစုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားသည့် ပါတီဖြစ်သောကြောင့် လူမျိုးစုကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးအေးထွန်းက “ပါတီကတော့ မတ်လ ၁၈ ရက်နေ့မှာ မှတ်ပုံတင်သွားမယ်။ ကျနော်တို့ပါတီက အစိုးရအဖြစ် ဦးဆောင်ဖို့ ပါတီလည်းမဟုတ်ဘူး။ မြိုလူမျိုးစုတွေကို ကိုယ်စားပြုပြီးတော့ ရပ်တည်ထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် လူမျိုးစုတွေရဲ့ကိစ္စတွေကို ဥပေဒဘောင်အတွင်းက လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ရအောင်ဆိုပြီးတော့ ဆက်လက်ရပ်တည်သွားမှာပါ” ဟု DMG ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်မှ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်သည်။ အင်အားကြီး ရခိုင်အမျိုးသားပါတီ(ANP)ကလည်း ယခုရက်ပိုင်းအတွင်း ပါတီ မှတ်ပုံတင်ရန် စီစဉ်နေကြောင်း သိရသည်။ 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကတော့ ပါတီ မှတ်ပုံမတင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကပြုလုပ်သည့် ပါတီဗဟိုကော်မတီဝင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ 

■ နိုင်ငံရေးပါတီမှတ်ပုံတင် ဉပဒေနှင့် ပါတီအချို့ အခက်အခဲ

စစ်ကောင်စီက သတ်မှတ်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်တွင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား တစ်သိန်း၊ တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား တစ်သောင်း ရှိရမည်။ ယင်းအပြင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် သိန်း(၁,၀၀၀) ရန်ပုံငွေနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ သိန်း(၁၀၀) ရှိရမည်ဟု သတ်မှတ်လိုက်သည်။

ထိုကြောင့် ရခိုင်ပြည်မှ ဒိုင်းနက်ပါတီအနေဖြင့် ငွေရေးကြေးရေး အခက်အခဲရှိသည့်အတွက် ပါတီမှတ်ပုံသွားမည် မဟုတ်ကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ တာဝန်ရှိသူထံမှ သိရသည်။

“ကျနော်တို့ ပါတီအနေနဲ့ ငွေကြေးအခက်ခဲတွေ၊ မြို့နယ် ၅ ခုမှာ ရုံးစိုက်ရမှာ ဖြစ်တဲ့အတွက် အဆင်မပြေနိုင်ဘူး။ နောက်ပြီးတော့ ပါတီမှာ ဝင်ပြိုင်ဖို့ကိုယ်စားလှယ်လောင်းတွေ မရှိတဲ့အတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးအောင်ကျော်ဇောက DMG ကိုပြောသည်။

စစ်ကောင်စီသည်  ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဌာန်းလိုက်ပြီး  ရက်ပေါင်း ၆၀ အတွင်း ပါတီများမှတ်ပုံရန် နှင့် မှတ်ပုံမတင်ပါက ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

■ တစ်နိုင်ငံလုံးတွင် ပါတီ ၂၃ ခု မှတ်ပုံတင်ထား

တစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတ်လ ၁၅  ရက်နေ့အထိ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီပေါင်း ၂၃ ခုရှိပြီး ယင်းအထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ခုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းလုံးမည့်ပါတီ ၁၈ ခုရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူများ၏အပြောင်းအလဲကို ဖြေရှင်းမပေးနိုင်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ကပြောဆိုထားသည်။

လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ဖြင့်ပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

#R007

ဗီဒီယိုများ