ရခိုင်တွင် အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် အသိပေး

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ အပူချိန် မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ နွေရာသီ၌ အပူချိန်မြင့်မားနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်၍ ရခိုင်ပြည်တွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် အသိပေးတိုက်တွန်းမှု ရှိလာကြောင်း သိရသည်။

By Admin 19 Oct 2023

ရခိုင်တွင် မိုးရွာသွန်းမှုနည်းပါး၍ မင်းပြားမြို့နယ်အတွင်း စိုက်ပျိုးထားသည့် လယ်ယာများ၌ မြေအက်ကွဲနေပုံကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
ရခိုင်တွင် မိုးရွာသွန်းမှုနည်းပါး၍ မင်းပြားမြို့နယ်အတွင်း စိုက်ပျိုးထားသည့် လယ်ယာများ၌ မြေအက်ကွဲနေပုံကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၉

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ အပူချိန် မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ နွေရာသီ၌ အပူချိန်မြင့်မားနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်၍ ရခိုင်ပြည်တွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် အသိပေးတိုက်တွန်းမှု ရှိလာကြောင်း သိရသည်။

ယခု အောက်တိုဘာလမှ စတင်ကာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက အယ်လ်နီညိုကြောင့် ရေသယံဇာတများ ထိခိုက်နိုင်၍ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားကြောင်း သိရသည်။

“အယ်လ်နီညိုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်တွေကို ညွှန်ကြားစာတွေ ပို့ထားပြီ။ ညွှန်ကြားစာတွေမှာ ဘယ်လိုပြင်ဆင်ရမယ်။ ဘယ်လိုလုပ်ရမယ် အားလုံးကိုထည့်ပေးထားပါတယ်” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောသည်။

အယ်လ်နီညိုကြောင့် မွေးမြူရေးရေကန်မှ ရေများ အငွေ့ပျံ၍ ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့် ရေထုညစ်ညမ်းခြင်းနှင့် ငါးရောဂါများ ကျရောက်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မွေးမြူထားသည့် ငါးများ၏ အောက်ဆီဂျင်လိုအပ်မှုနှင့် ဇီဝကမ္မဗေဒဆိုင်ရာ ထိခိုက်စေခြင်း၊ အစာမှ အသားပြောင်းနှုန်း ညံ့ဖျင်းလာခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၁၆ ရက်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ငါး၊ ပုစွန်မွေးမြူရေးအပေါ် သက်ရောက်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို သံတွဲမြို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။

သို့သော် ငါး၊ ပုစွန်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းများပြုလုပ်ရန် အသိပေးပြောကြားခြင်း မရှိသေးသည့် မြို့နယ်အများစုရှိနေသေးသည်ဟု ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ဘယ်လိုနည်းပညာတွေနဲ့ ကာကွယ်ရမလဲဆိုတာကို မသိသေးပါဘူး။ ကြိုတင်ပြင်ဆင်ထားဖို့က ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်ထားသင့်တယ်ဆိုတာကို သိဖို့လိုတယ်။ ငါးလုပ်ငန်းဦးစီးဌာနကလည်း ဘာမှထုတ်ပြန်တာ မတွေ့သေးဘူး” ဟု ပေါက်တောမြို့မှ ပုစွန်မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်သန်းတင်က ပြောသည်။

အယ်လ်နီညိုဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများအား ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် နည်းပညာများလိုအပ်သည်ဟု ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့မှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်သောင်းက “ကျနော်တို့မှာ ငါး၊ ပုစွန်ကို မိရိုးဖလာ သဘာဝနည်းလမ်းနဲ့ မွေးတာဆိုတော့ နည်းပညာတွေ သိပ်မရှိဘူး။ ပြီးရင် အယ်လ်နီညိုကြောင့် ငါး၊ ပုစွန်တွေ အောက်ဆီဂျင်ကျတာတွေဖြစ်ရင် အောက်ဆီဂျင်ပေးဖို့ လျှပ်စစ်မီးလိုတယ်။ အဲဒီလိုပဲ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာမှာ ဘာမှမရှိတော့ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမလဲတောင် မသိဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များမှာ သဘာဝအလျောက် မွေးမြူသည့် နည်းလမ်းကိုသာ ဦးစားပေး အသုံးပြုလျက်ရှိကြပြီး နည်းပညာနှင့် ငွေကြေးလိုအပ်ချက်တို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မြှင့်တင်ရန် အခက်ခဲများရှိနေကြသည်။

အယ်လ်နီညိုကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆောင်းရာသီတွင် အအေးနည်းနိုင်ပြီး နွေရာသီ၌ အပူချိန်မြင့်မားနိုင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောဆိုထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်လိုအပ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“အဓိကတော့ အပူချိန်မြင့်ပြီး မိုးရွာသွန်းမှုနည်းပါးတာကြောင့် သောက်သုံးရေ ရှားပါမှုတွေရှိလာနိုင်ပြီး ပြည်သူတွေအနေနဲ့ အခုကတည်းက သောက်သုံးရေတွေကို စုဆောင်းပြီးတော့ စနစ်တကျသုံးစွဲကြဖို့လိုတယ်” ဟု ၎င်းကပြောသည်။

အယ်လ်နီညိုဖြစ်စဉ်သည် အပူလိုင်းဖြစ်သဖြင့် ရခိုင်ပြည်၏ စိုက်ပျိုးရေးကိုလည်း ထိခိုက်မှု ရှိနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေကြသည့် စိမ်းပြာအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ကိုမိုးကျော် သုံးသပ်ပြောဆိုသည်။

“အယ်လ်နီညိုက အပူလိုင်းဖြတ်တာဖြစ်တဲ့အတွက် သုံးသောက်ရေ ရှားပါးမှုက အဓိကဖြစ်လာနိုင်တယ်။ နောက်စိုက်ပျိုးသီးနှံတွေကလည်း ဆောင်းရာသီအအေးနဲ့ ထွက်ကြတာဆိုတော့ အအေးနည်းနိုင်တာကြောင့် အထွက်နှုန်းကျဆင်းမှုတွေ ရှိလာနိုင်တယ်” ဟု ၎င်းကပြောသည်။

အယ်လ်နီညို (El Nino) ဆိုသည်မှာ အီကွေဒေါနှင့် ပီရူးနိုင်ငံများတွင် ခရစ်စမတ်ကာလ (ဒီဇင်ဘာလ)၌ စီးဝင်လာသည့် ပင်လယ်ရေပူစီးကြောင်းများကို ခေါ်ဝေါ်သည့် အမည်ဖြစ်ပြီး အလွန်ပူနွေးခြောက်ကပ်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကာ အစွန်းရောက် သဘာဝဘေးတစ်ခုအဖြစ် မှတ်သားနိုင်သည်။

ယင်းအပြင် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး အနည်းဆုံး ၉ လမှ ၂ နှစ်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။

အယ်လ်နီညိုဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ဗီဒီယိုများ