စစ်ကောင်စီ၏ မွတ်ဆလင်လက်ခံရေးပြင်ဆင်နေမှု နိုင်ငံခြားသံတမန်အဖွဲ့ သွားရောက်ကြည့်ရှု

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအဖြတ်အဖြစ်  ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

By Admin 09 Mar 2023

လှဖိုးခေါင် မွတ်ဆလင် လက်ခံရေးစခန်းကို ၂၀၂၀ ခုနှစ်အတွင်းက ဝေဟင်မှမြင်တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)
လှဖိုးခေါင် မွတ်ဆလင် လက်ခံရေးစခန်းကို ၂၀၂၀ ခုနှစ်အတွင်းက ဝေဟင်မှမြင်တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ မတ် ၉

တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ယမန်နေ့ မတ်လ ၈ ရက်နေ့က  မောင်တောမြို့နယ်ရှိ မွတ်ဆလင် ပြန်လည်လက်ခံရေးစခန်းမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် နိုင်ငံခြားသံတမန်များနှင့်အတူ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်အဖွဲ့လည်း ပါဝင်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

နိုင်ငံခြားသံတမန်အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က ရောက်ရှိခဲ့ပြီး စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ငါးခူရစခန်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မွတ်ဆလင်တွေကို ပြန်လည်လက်ခံမယ်ဆိုရင် ပုံစံ ၆၆ အိမ်ထောင်စုစာရင်း ထုတ်ပေးမယ် ဆိုပြီး ပြောခဲ့တာရှိတယ်။ နောက်ပြီးတော့ ဝင်လာမယ်သူတွေကို စစ်ဆေးပြီးတော့ လက်ခံသွားမယ်။ ဘယ်နေ့လက်ခံမယ် ဆိုတာတော့ မပြောခဲ့ဘူး။ အဲဒီလိုပြောပြီးတော့ လှဖိုးခေါင်စခန်းကို ထွက်သွားကြတယ်။ လူကတော့ ၂၅ ယောက်လောက်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအဖြတ်အဖြစ်  ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဖက်က တစ်စုံတစ်ရာ လာရောက်ဆွေးနွေးခြင်းမရှိသေးကြောင်း ဒုက္ခသည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူ ကိုအောင်မြိုင်က “သူတို့ မနေ့က ပြန်လည်လက်ခံရေးစခန်းတွေကို သွားကြည့်တာ ကျနော်တို့ ကြားတယ်။ ဒါပေမယ့် အခုအချိန်ထိ ကျနော်တို့ ဒုက္ခသည်တွေနဲ့ လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးတာ တစ်ခါမှမရှိသေးဘူး။ ဘယ်လိုလက်ခံမယ်ဆိုတာလည်း ကျနော်တို့မသိရဘူး။ ကျနော်တို့ကို ပြန်လည်လက်ခံမယ်ဆိုရင် အသက်အာမခံချက်ပေးရမယ်။ မူလမိမိနေရာကို ပေးရမယ်။ နောက်ပြီးတော့ နိုင်ငံသားဖြစ်ခွင့်ပေးရမယ်” ဟု DMG ကို ပြောသည်။

လက်ရှိမှာ စစ်ကောင်စီသည် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာဆက်ဆံရေး ပုံရိပ်ကျဆင်းနေမှုကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက သုံးသပ်သည်။

“စစ်ကောင်စီက ဒီလိုအကျပ်အတည်း ဖြစ်နေတဲ့ကာလမှာ မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့ ကြိုးစားနေတာ နိုင်ငံတကာက အကောင်းမြင်လာအောင် အရှုံးထဲက အမြတ်ရအောင် လုပ်ဆောင်နေတာ။ မွတ်ဆလင်တွေကို ကိုယ်ချင်းစာတရားနဲ့ ပြန်လည်လက်ခံဖို့ဆိုတာထက် မွတ်ဆလင်နိုင်ငံတွေက သူတို့(စစ်ကောင်စီ)ကို လက်ခံလာအောင်၊ ပုံရိပ်တစ်ခုတက်လာအောင်အတွက် လုပ်နေတာလို့ပဲမြင်တယ် ” ဟု ဦးဖေသန်းက ဆိုသည်။ 

ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် တို့သည် တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း ယခုအချိန်တွင် စစ်ကောင်စီက မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စ ဆောင်ရွက်နေခြင်းမှာ စစ်ကောင်စီ၏အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးအတွက် ဟန်ပြလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုထားသည်။

လက်ရှိ ရခိုင်သို့ရောက်ရှိနေသည့် နိုင်ငံခြားသံတမန်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဒါးပိုင်၊ သက္ကေပြင် စသည့် မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များကတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ