နေပူတောင် ကျောက်ထုတ်လုပ်မှု ပြန်လည်စတင်မည့်အပေါ် ရခိုင်ပြည်သူများ ဝေဖန်နေကြ

တောင်ကုတ်မြို့နယ် ရိုးမတောင်ပေါ်တွင်ရှိသော နေပူတောင်မှ မာဘယ် အလှဆင်ကျောက် ထုတ်လုပ်မှုစီမံကိန်းကို NLD အစိုးရလက်ထက်က ရပ်တန့်ထားခဲ့သော်လည်း လက်ရှိ စစ်ကောင်စီက ပြန်လည်စတင်ရန် သဘောတူလိုက်သည့်အပေါ် ရခိုင်ပြည်သူများက ဝေဖန်နေကြသည်။

By Admin 10 Dec 2022

နေပူတောင် ကျောက်ထုတ်လုပ်မှု ပြန်လည်စတင်မည့်အပေါ် ရခိုင်ပြည်သူများ ဝေဖန်နေကြ

နေပူတောင်စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်က ဒေသခံများဆန္ဒပြနေပုံအားတွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်လူမှုကွန်ယက်- တောင်ကုတ်

DMG | ဒီဇင်ဘာ ၁၀

တောင်ကုတ်မြို့နယ် ရိုးမတောင်ပေါ်တွင်ရှိသော နေပူတောင်မှ မာဘယ် အလှဆင်ကျောက် ထုတ်လုပ်မှုစီမံကိန်းကို NLD အစိုးရလက်ထက်က ရပ်တန့်ထားခဲ့သော်လည်း လက်ရှိ စစ်ကောင်စီက ပြန်လည်စတင်ရန် သဘောတူလိုက်သည့်အပေါ် ရခိုင်ပြည်သူများက ဝေဖန်နေကြသည်။

အဆိုပါ နေပူတောင်စီမံကိန်းမှာ ဒေသခံများအတွက် တစ်စုံတစ်ရာ အကျိုးခံစားခွင့် ရှိလာမည်မဟုတ်ဘဲ သဘာဝအလှတရားများသာ ပျက်စီးဆုံးရှုံမှုသာဖြစ်မည်ဖြစ်ကြောင်း ရခိုင်ပြည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူများနှင့် ဒေသခံများက ပြောဆိုနေကြသည်။

“အာဏသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ့မှုတွေကို သူတို့ အများကြီးခေါ်ခဲ့တာကို တွေ့ရတယ်။ အခုကတော့ ဗီယက်နမ်ကုမ္ပဏီက ပြန်ပြီးတော့ ဝင်လာတာကို တွေ့ရတယ်။ ဒါတွေဟာ စစ်ကောင်စီအတွက် အကျိုးအမြတ်တစ်ခုတော့ ဖြစ်တယ်။ စီမံကိန်းရဲ့ ရပိုင်ခွင့် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေမှာတော့ အရှုံးပဲ။ ကျနော်တို့မှာ မတန်တဆ ဆုံးရူံးလိုက်ရတဲ့ စီမံကိန်းသာဖြစ်တယ် ” ဟု ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်က DMG ကို ပြောသည်။

နေပူတောင်မှ မာဘယ်ကျောက်များသည် ရှားပါး တန်ဖိုးကြီးကျောက်အမျိုးအစားဖြစ်သဖြင့် အဆိုပါ ကျောက်တောင်ကြီးကို ဖြိုဖျက်မှုများ မလုပ်ရန်၊ ပြည်ပကို မရောင်းချရန်နှင့် နိုင်ငံခြားဝင်ငွေရရှိအောင် တခြားနည်းလမ်းများ လုပ်ဆောင်ရန် ၂၀၁၃ ခုနှစ်ကစတင်ပြီး တောင်ကုတ်ဒေသခံနှင့် ရခိုင်ပြည်သူများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သို့သော်လည်း အစိုးရဘက်က ပြည်သူ့စကားသံကို ဂရုမစိုက်ဘဲ ကုမ္ပဏီကို ဆက်လက်တူးဖော်စေခဲ့သည်။

သို့သော်လည်း နေပူတောင်စီမံကိန်းလုပ်ကွက်တွင် လျှပ်စစ်မီးမရဘဲ ဓာတ်အားပေးစက်သုံးနေရခြင်း၊ ပြည်ပပို့ရန် သယ်ယူရေးတွင် အထွေထွေကုန်ကျစရိတ်၊ ထုတ်လုပ်မှုစရိတ် မြင့်မားမှုများကြောင့် ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ယာယီ ရပ်နားထားကြောင်း ၂၀၁၈ စက်တင်ဘာ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် NLD အစိုးရလက်ထက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုခဲ့သည်။

ထိုသို့ ၂၀၁၈ ခုနှစ် NLD အစိုးရ လက်ထက်က တွက်ခြေမကိုက်သဖြင့် ရပ်နားခဲ့ရသည့် ထိုစီမံကိန်း လုပ်ငန်းကို စစ်ကောင်စီက ပြန်လည်စတင်ရန် သဘောတူလာခြင်းဖြစ်သည်။

ရခိုင်သဘာဝ ပတ်ဝန်းကျင် အရေးလှုပ်ရှားသူ ကိုမျိုးလွင်က “ နေပူတောင်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရူံးမှုတစ်ခုဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အများကြီးဆုံးရူံးသွားတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးရေးကဏ္ဍတွေ၊ နောက်ပြီးတော့ ရေအရင်းမြစ်တွေ ဆုံးရူံးသွားနိုင်တယ်။ ဒီစီမံကိန်းဟာ စစ်ကောင်စီရဲ့ အသက်ရှင်ရပ်တည်ရေး သူတို့ရဲ့ အကျိုးအမြတ်အတွက် လုပ်နေတာဖြစ်တယ် ” ဟု ဝေဖန်သည်။

ထို့အတူ ယခင်က နေပူတောင်စီမံကိန်းတွင် ဒေသခံတို့မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ မရှိခဲ့ကြဘဲ အချို့မှာ အောက်ခြေအလုပ်သာ ရှိခဲ့သည့်အတွက် ဆက်လက် ကျောက်ထုတ်ယူမည့်အပေါ် ကန့်ကွက်ကြောင်း တောင်ကုတ်ဒေသခံများက ပြောဆိုကြသည်။

“ဒေသခံတွေအပေါ်မှာ ပွင့်လင်းမြင်သာအောင် မချပြတောတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရင်နာမိတယ်။ စီမံကိန်းတစ်လျှောက်မှာ ဒေသခံတွေက သူတို့မလုပ်ချင်တဲ့ အောက်ခြေပိုင်းအလုပ်တွေ၊ သန့်ရှင်းရေးအလုပ်၊ သူတို့ရဲ့ စားနပ်ရိက္ခာအတွက် ထမင်းချက်တာတွေအတွက်ပဲဆိုတော့ ဒေသခံပြည်သူတွေကို အကျိုးပြုတယ်လို့ ပြောလို့မရဘူး” ဟု တောင်ကုတ်ဒေသခံ တစ်ဦးက ဆိုသည်။

ထိုစီမံကိန်းကို သမ္မတဉီးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ခုနှစ် ဧပြီလက ဗီယက်နမ်ဝန်ကြီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဗီယက်နမ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၂ ခုနှစ် မတ်လတွင် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ Myanmar SIMCO Song Da Joint Stock(MYSICO) ကုမ္ပဏီတို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားစနစ်ဖြင့် နေပူတောင်ဒေသရှိ မြေဧရိယာ ၂ ဒသမ ၃၇၀၃ စတုရန်းကီလိုမီတာပေါ်မှာ မာဘယ်အလှဆင်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အဆိုပါ နေပူတောင်စီမံကိန်း မာဘယ်အလှဆင်ကျောက်လုပ်ငန်းကို ဗီယက်နမ် Company က ထုတ်လုပ်ခွင့်ရရှိခဲ့ပြီး စာချုပ်သက်တမ်းမှာ (၂၀၃၂) ခုနှစ်အထိ ဖြစ်သည်။

ယင်းစီမံကိန်းကို စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦးနှင့် ဗီယက်နမ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးးသန်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်း ကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ