ရွှေဂတ်စ်စီမံကိန်း လယ်ယာမြေကိစ္စ အမှုရှုံးနိမ့်သောတောင်သူများထံမှ ကိုးရီးယားကုမ္ပဏီက လျော်ကြေးတောင်း

အမှုရှုံးနိမ့်သည့်အတွက် ကိုရီယား ဝမ် ၂၇,၁၄၉,၅၀၀ (ဝမ်သိန်း၂၇၀) ကျော်၊ မြန်မာငွေ လက်ရှိပေါက်ဈေးဖြင့် သိန်း ၆၀၀ ခန့်ကို တောင်သူများမှပေးဆောင်ရန် ယင်းကုမ္ပဏီက တောင်းခံလာခြင်းဖြစ်သည်။

By Admin 01 Jul 2023

မြန်မာနိုင်ငံ ကိုးရီးယားသံရုံးရှေ့တွင် အကျိုးဆောင်ရှေ့နေအဖွဲ့နှင့်အတူ တရားစွဲဆိုသည့် တောင်သူများကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးထွန်းလွင်)
မြန်မာနိုင်ငံ ကိုးရီးယားသံရုံးရှေ့တွင် အကျိုးဆောင်ရှေ့နေအဖွဲ့နှင့်အတူ တရားစွဲဆိုသည့် တောင်သူများကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးထွန်းလွင်)

DMG ၊ ဇူလိုင် ၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ POSCO International ကုမ္ပဏီကို တရားစွဲဆိုခဲ့သည့် တောင်သူများမှာ အမှုရှုံးနိမ့်ခဲ့မှုကြောင့် တရားရုံးအသုံးစရိတ်ကျခံရမည်ဟု ကုမ္ပဏီက စာပေးပို့လာကြောင်း သိရသည်။

တရားရုံးမှ တောင်းခံလာသည့် ကိုရီယား ဝမ် ၂၇,၁၄၉,၅၀၀ (ဝမ်သိန်း၂၇၀) ကျော်၊ မြန်မာငွေ လက်ရှိပေါက်ဈေးဖြင့် သိန်း ၆၀၀ ခန့်ကို တောင်သူများမှပေးဆောင်ရန် ယင်းကုမ္ပဏီက တောင်းခံလာခြင်းဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကျောက်ဖြူမြို့နယ်က ဂုံးချွိန်၊ အုန်းတောနှင့် မလကျွန်းကျေးရွာမှ တောင်သူ ၁၁၀ ဦး ပိုင်ဆိုင်သည့် လယ်ဧက ၉၀ ကျော်ကို တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က သိမ်းဆည်းခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ထိုက်သင့်သည့်နစ်နာကြေး ရရှိရေးအတွက် တောင်သူ ၂၀ ဦးက တရားလိုပြုလုပ်ကာ ကိုးရီးယားနိုင်ငံက အကျိုးဆောင်ရှေ့နေအဖွဲ့(Igong Law Firm)၏ အကူအညီဖြင့် ၂၀၁၆ ခုနှစ်က ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဗဟိုခရိုင်တရားရုံးတွင် အမှုဖွင့်တိုင်ကြားခဲ့ကြသည်။

သို့သော်လည်း လယ်ယာမြေသိမ်းဆည်းမှုမှာ POSCO နှင့်သက်ဆိုင်မှုမရှိဘဲ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့်သာ သက်ဆိုင်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သောကြောင့် တောင်သူများမှာ အမှုရှုံးနိမ့်ခဲ့ကြသည်။

ထို့ကြောင့် တရားရုံးစရိတ် ကုန်ကျငွေအဖြစ် POSCO International ကုမ္ပဏီဘက်က ငွေကြေးတောင်းခံလာခြင်းဟု ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ တောင်သူ ဦးခင်မောင်မြင့်က ပြောသည်။

“ကျနော်တို့ဘက်က အမှုရှုံးသွာတော့ POSCO က သူတို့ရုံးတက်တဲ့ ကုန်ကျငွေတွေကို ကျနော်တို့ဘက်က ပေးဆောင်ရမယ်ဆိုပြီး အကြောင်းကြားလာတာ။ အမှုမနိုင်တဲ့အပြင် အခုလိုတောင်းခံလာတော့ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး” ဟု ဦးခင်မောင်မြင့်က ပြောသည်။

POSCO International သည် ကိုးရီးယားအခြေစိုက်ကုမ္ပဏီဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ပရောဂျက်ကို ပြုလုပ်ခွင့် ရရှိထားသည်။ လက်ရှိ ငွေကြေးတောင်းခံသည့် အကြောင်းကြားစာကို ဆိုးလ်းမြို့ ဗဟိုခရိုင်တရားရုံး၏ အတည်ပြုချက်ဖြင့် ကျောက်ဖြူမြို့နယ်တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် တောင်သူများထံကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အကြောင်းကြားစာတွင် မြန်မာ၊ အင်္ဂလိပ်၊ ကိုးရီးယား သုံးဘာသာဖြင့် စာမျက်နှာ ၂၀ ကျော်ပါဝင်ပြီး တောင်သူများအနေဖြင့် မည်ကဲ့သို့ တုန့်ပြန်ဆောင်ရွက်သွားမည်ကို လက်ရှိအချိန်ထိ ဆွေးနွေးဆုံးဖြတ်ထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

“စာကတော့ တရားလိုလုပ်ထားတဲ့ တောင်သူတွေအားလုံးဆီကို ရောက်နေတယ်လို့ သိရတယ်။ ဒီအမှုကို ဘာဆက်လုပ်ကြမယ် ဆိုတာကိုတော့ မတိုင်ပင်ကြသေးဘူး။ အခုအခြေအနေအရ လယ်သမားတွေဘက်က အများကြီးနစ်နာတယ်လို့ပဲ ပြောနိုင်တယ်”ဟု ဂုံးချွိန်ကျေးရွာမှ ဒေါ်လှဝင်းခင်က ပြောသည်။

တောင်သူများမှာ အမှုရှုံးနိမ့်မှုအပြင် ငွေကြေးတောင်းခံမှုအပေါ် မကျေမနပ်ဖြစ်နေကြပြီး အယူခံဝင်မည်ဆိုပါက ကိုးရီးယားနိုင်ငံ ဆိုးလ်းမြို့ ဗဟိုခရိုင်တရားရုံးသို့ သွားရောက်ရမည်ဖြစ်၍ အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

တောင်သူများနှင့် အကျိုးဆောင်ရှေ့နေအဖွဲ့ (Igong Law Firm)ကြား ကူညီဆောင်ရွက်ပေးခဲ့သူ ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်က “ကျနော်သိသလောက်တော့ POSCO က ဒီလိုတော့ တောင်းခံလာတာရှိတယ်။ ဒါကို ပြန်ပြီး ငြင်းချက်ထုတ်နိုင်သေးတယ် ဆိုတဲ့သဘောနဲ့ ကိုရီယားတရားရုံးက တောင်သူတွေဆီကို အကြောင်းကြားတာပေါ့။ ဒါပေမယ့် ဒီငွေတွေကို တောင်သူတွေဘက်က ကူညီခဲ့တဲ့ရှေ့နေအဖွဲ့က ပေးဆောင်သွားဖို့ရှိတယ်ဆိုပြီး ကျနော့်ကို အကြောင်းကြားလာတာရှိလို့ တောင်သူတွေအနေနဲ့ ဒီငွေတွေကိုတာ့ ပေးစရာမလိုတော့ဘူးလို့ သိရပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အကျိုးဆောင်ရှေ့နေအဖွဲ့နှင့် တောင်သူများကြား တိုက်ရိုက်ဆက်သွယ်မှု မရရှိသေးသောကြောင့် ဆိုးလ်မြို့ဗဟိုတရားရုံး၏ ဆုံးဖြတ်ချက်နှင့် POSCO ကုမ္ပဏီ၏ ငွေကြေးတောင်းခံမှုအပေါ် တောင်သူများမှာ စိတ်ပူပန်နေကြသည်။

လယ်ယာမြေနစ်နာကြေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆက်လက်အမှုဖွင့်၍ နစ်နာကြေးတောင်းခံရန်မှာလည်း နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပေါ်နေသောကြောင့် တောင်သူများမှာ အခက်အခဲများရှိနေပြီး ဆုံးရှုံးနစ်နာမှုများ တွေ့ကြုံနေကြရခြင်းလည်း ဖြစ်သည်။

#I008

ဗီဒီယိုများ