NCA စာချုပ် ပျက်ပြယ်သွားပြီဟု KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ စစ်ကောင်စီက ချိုးဖောက်မှုကြောင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ပြောကြားလိုက်သည်။

By Admin 10 Aug 2023

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့်  NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနား (Photo- The Global New Light Of Myanmar)
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့်  NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနား (Photo- The Global New Light Of Myanmar)

DMG ၊ ဩဂုတ် ၁၀

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ စစ်ကောင်စီက ချိုးဖောက်မှုကြောင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ပြောကြားလိုက်သည်။

KNU က ယနေ့ပြုလုပ်သော (၁၇) ကြိမ်မြောက် ကွန်ကရက်အပြီး ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောဆိုခြင်းဖြစ်သည်။

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခြေခံမူတွေကို (စစ်ကောင်စီက)နင်းခြေဖျက်ဆီးလိုက်တာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ NCA ရဲ့ အခန်း-၁ က NCA တခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်တာဖြစ်တဲ့အတွက် NCA က မရှိတော့ဘူး ” ဟု ၎င်းကပြောသည်။ 

NCA အခန်း(၁)ပါ ပြဋ္ဌာန်းချက်များကို စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက်ခြင်းပြီး၊ စစ်ကောင်စီသည် နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားရန်အတွက် NCA စာချုပ် ဆက်လက် တည်ရှိနေသယောင် လုပ်ဆောင်နေကြောင်း သူကဆက်ပြောသည်။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသား တပ်ဦး(CNF)တို့ (၈)ဖွဲ့က ဦးစွာလက်မှတ်ရေးထိုး ခဲ့ကြသည်။

ယင်းနောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က လက်မှတ်ရေးထိုးခဲ့ပြီး NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်တွင် NCA လက်မှတ်ထိုးထားသည့် EAOs(၁၀) ဖွဲ့ထဲမှ KNU၊ CNF နှင့် ABSDF အဖွဲ့တို့နှင့် စစ်ကောင်စီတို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။
NCA စာချုပ် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိသေးပေ။

စစ်ကောင်စီ၏ နိုင်ငံရေးရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် - နိုင်ငံတော်၏ ပကတိ အနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

NCA စာချုပ်၏ အခန်း (၁) အခြေခံမူများထဲတွင် မြန်မာနိုင်ငံ၌ သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်း မည့် နိုင်ငံရေးယဉ်ကျေးမှုသစ် တရပ်ထူထောင်ပြီး မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော ပြည်သူ တရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနှင့် ပြည်သူလူထု၏ ဘဝမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏မူဝါဒမှာ အာဏာရှင်စနစ်ရှုံးနိမ့်ရေးနှင့် စစ်အာဏာရှင်စနစ်ကျရှုံးရေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူနှင့်အတူရပ်တည်ကြရန် ဖိတ်ခေါ်ကြောင်း ဗိုလ်မှူးချုပ် စောတာမလာသော ကပြောသည်။

“စစ်ကောင်စီတပ်မှာ အမှုထမ်းနေတဲ့ တပ်မတော်သားတွေကိုလည်းပဲ တိုင်းရင်းသားပြည်သူလူထုနဲ့ ပြန်လည်ရပ်တည်ပါလို့ တိုက်တွန်းလိုပါတယ်။ လူထုဖက်က ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်”ဟု သူပြောသည်။ 

လက်ရှိတွင် KNU သည် ကရင်၊ မွန်နှင့် တနင်္သာရီဒေသတို့တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။ KNU ၏ နိုင်ငံရေးရည်မှန်းချက်မှာ ကရင်တစ်မျိုးသားလုံးအတွက် တရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို ဆုပ်ကိုင်ထားသည်။

#R007

ဗီဒီယိုများ