မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီမှတာဝန်ယူရန် လူ့အခွင့်အရေးအဖွဲ့များပြော

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီမှ တာဝန်ယူ၊တာဝန်ခံရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)-(ND-Burma)အဖွဲ့မှ ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။

14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီမှ တာဝန်ယူ၊တာဝန်ခံရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)-(ND-Burma)အဖွဲ့မှ ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပြည်သူများအပေါ် စနစ်တကျကျူးလွန်မှုများကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူများ၏ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ပိုမိုဆိုးရွားလာခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ခဲ့ပြီး ထိုသို့အကြမ်းဖက်မှုများအား အမြန်ဆုံးရပ်တန့်ရန် (ND-Burma)မှ တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ပြင်းထန်သည့်ထိုးစစ်များကြောင့် ပြီးခဲ့သည့် ၁၀ လအတွင်း အရပ်သားပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ရသည့်ဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်းလည်း (ND-Burma)ကဆိုသည်။

သြဂုတ်လမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံအတွင်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီတွင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ် ပျမ်းမျှအားဖြင့် ၃၅ နှင့် ၄၃ ကြားရှိခဲ့ကြောင်း အစီအရင်ခံစာအရ သိရသည်။

ချင်းပြည်နယ်အတွင်း စက်တင်ဘာလနှင့် အောက်တိုဘာတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဖျက်ဆီးခြင်း ၁၆ ခုအပါအဝင် စစ်ရာဇဝတ်မှု ၄၃ ခုရှိခဲ့ကြောင်း ND-Burma ၏ မှတ်တမ်းတွင် ဖော်ပြသည်။

“စစ်အာဏာရှင်တွေက ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်းကို အကြီးအကျယ်ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ယူဆတယ်”ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ အိမ်ခြေ ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယင်းအထဲတွင် ချင်းပြည်နယ်မှ ၉၈ လုံးပါဝင်ကြောင်း သိရသည်။

ယင်းလုပ်ရပ်များသည် ဂျီနီဗာကွန်ဗန်းရှင်းအား တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်နှင့် ပြည်သူတို့အား စိတ်ဓာတ်ကျစေရန်နှင့် နွေဦးတော်လှန်ရေးကိုချိနဲ့သွားစေရန်အတွက် စစ်အာဏာရှင်တို့မှ ရည်ရွယ်ချက်ရှိရှိတိုးမြှင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)- (ND-Burma)က ထုတ်ပြန်ထားသည်။

ပြင်းထန်သည့် တိုက်ပွဲများကြောင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ အရပ်သားပြည်သူများမှာ တိုက်ပွဲကြား၌ ပိတ်မိနေကြပြီး ထိုသူတို့၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပါ စစ်ကောင်စီမှပိတ်ဆို့ထားကာ ပြည်သူများ၏ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ခိုးဝှက်လုယူနေသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မြန်မာစစ်အာဏာရှင်များ၏ ထိန်းမနိုင်သိမ်းမရကျူးလွန်သည့် ရာဇဝတ်မှုများရပ်တန့်စေရန်နှင့် ကျူးလွန်ခံနေရသည့် ပြည်သူများကိုအကာအကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တက်ကြွစွာဆောင်ရွက်ရမည်ဖြစ်သည်ဟု ND–Burma အဖွဲ့က ဆိုသည်။

“ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့တာ၊ ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ပို့ဆောင်ရမှာဖြစ်တယ်။ အဲဒီလိုအရေးယူဖို့ ကြန့်ကြာနေပေမယ့် အချိန်မနှောင်းသေး”ဟု ထုတ်ပြန်ချက်မှာပါရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ လက်ရှိတွင် ၁၀ လကျော်ကြာမြင့်လာပြီး စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးသတ်ဖြတ်ခံနေရသည့် အရပ်သားသေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၃၂၉ ဦးနှင့် ဖမ်းဆီးခံရသူ ၁၀၉၂၃ ဦးအထိရှိကြောင်း သိရသည်။

ဗီဒီယိုများ