ပြန်လည်ဦးမောခါစ ရခိုင်ဇာတ်သဘင်လောကကို စည်းကမ်းတင်းကျပ်မှုများမလုပ်ရန် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ဇာတ်သဘင်ပွဲများကို မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

By Khin Tharaphy Oo 26 Nov 2021

DMG ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ဇာတ်သဘင်ပွဲများကို မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခုအခါ တိုက်ပွဲငြိမ်သက်နေပြီး ကိုဗစ်ဖြစ်ပွားမှုနှုန်းမှာလည်း လျော့နည်းလာသဖြင့် ဇာတ်ပွဲများကို စတင်ကျင်းပလာကြသော်လည်း အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ်ဇာတ်သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးအေးထွန်းကပြောသည်။

“လက်ရှိရခိုင်မှာက ဇာတ်အဖွဲ့တွေက တစ်နေရာနဲ့တစ်နေရာသွားရင် အစိုးရဆီကခွင့်ပြုချက်တွေကိုယူပြီး သွားနေကြရတယ်။ တစ်ခါတစ်လေသွားရင်းနဲ့ ခွင့်ပြုချက်တွေမပါလို့ဆိုပြီး လမ်းတစ်ပိုင်းကပြန်လှည့်လာခဲ့ရတဲ့ ဇာတ်တွေရှိတယ်လို့လည်း သိရတယ်”ဟု ဦးအေးထွန်းကပြောသည်။

ဇာတ်သဘင်အဖွဲ့များမှ ခရီးတစ်ခုခုသို့သွားပါက လမ်းခရီးတွင် လူဦးရေစာရင်း၊ တည်ထောင်ခွင့်လက်မှတ်နှင့် သဘင်မှထောက်ခံချက်တို့အပြင် အခြားသောတင်းကျပ်သည့် စစ်ဆေးမှုများကိုလည်းကြုံတွေ့ရကြောင်း အာရက္ခမဏ္ဍိုင်ခေတ်သစ် ရက္ခိုင်ရိုးရာယဉ်ကျေးမှု အဆင့်မြင့်အနုသဘင်အဖွဲ့မှ ဒါရိုက်တာ ဦးထွန်းမင်းနိုင်က ပြောသည်။

“အရင်တုန်းက ဇာတ်တွေကိုနားခဲ့ရတော့ ကျွန်တော်ဆိုရင် ဖားကန့်မှာနှစ်နှစ်ကျော်လောက် ကျောက်အရောင်းအဝယ်သွားလုပ်နေခဲ့ရတယ်။ ခုနောက်ပိုင်းမှ ဇာတ်ကိုပြန်ပြီးထောင်ရပေမယ့် အခက်ခဲတွေကအများကြီးနဲ့ကြုံရပါတယ်”ဟု ဦးထွန်းမင်းနိုင်ကပြောသည်။

ယင်းသို့ ဇာတ်သဘင်လောကသားများ၏အခက်အခဲကို သဘင်ပညာသည်များမှ စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်နယ်စစ်ကောင်စီထံတင်ပြသွားရန်စီစဉ်နေကြောင်းလည်း သိရသည်။

စိန်ရွှေရတနာနှင့် အာရက္ခမဏ္ဍိုင်ဇာတ်သဘင်အဖွဲ့တို့မှ ကပြဖျော်ဖြေများရှိကြောင်းသတင်းရသဖြင့် လိုအပ်သလိုစီစစ်ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်အတွင်းမှ ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်းများကိုခေါ်ယူ၍ ခွင့်ပြုချက်ရယူရေးနှင့် ကိုဗစ်စည်းကမ်းများကို လိုက်နာရေး ဝန်ခံလက်မှတ်ရေးထိုးခိုင်းရန် ပြည်နယ်စစ်ကောင်စီ၏ နိုဝင်ဘာ ၅ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့အကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက ဇာတ်သဘင်တာဝန်ရှိသူများကို ဝန်ခံလက်မှတ်ရေးထိုးခိုင်းမည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပြန်လည်ဦးမောခါစရှိသေးသည့် ဇာတ်သဘင်လောကကို ယခုကဲ့သို့ စည်းကမ်းတင်းကျပ်လာမည်ဆိုပါက ဇာတ်သဘင်လောကအတွက် များစွာအခက်တွေ့လာနိုင်ကြောင်း ဇာတ်သဘင်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

အမည်မဖော်လိုသည့် ဇာတ်သဘင်လုပ်ငန်းရှင်တစ်ဦးက “အရင်တုန်းကတောင် ဒီလောက်တင်းကျပ်တာတွေမရှိခဲ့ဘူး။ အခုက သူတို့ကခိုင်းမှ ကရတော့မယ့်အခြေအနေကိုရောက်နေပြီ။ ကျွန်တော်တို့က ကချင်တိုင်းကရတာမဟုတ်ဘူး။ ပွဲရှိလာမှကရတာ။ ပွဲရှိလို့လာအပ်တော့မှ ခွင့်ပြုချက်တင်ရင် ဘယ်အချိန်သွားပြီးကရမှာလဲ။ ဒါတောင် သူတို့ကခွင့်ပြုမှ”ဟု ပြောသည်။

ရခိုင်တွင် ၂၀၁၈ ဒီဇင်ဘာလ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဇာတ်သဘင်များကို ရပ်နားထားခဲ့ရသဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း အာရက္ခမဏ္ဍိုင်ခေတ်သစ် ရက္ခိုင်ရိုးရာယဉ်ကျေးမှု အဆင့်မြင့်အနုသဘင်အဖွဲ့မှ ခေါင်းဆောင်မင်းသမီးဖြစ်သူ သျှင်မြတ်ထွီးကပြောသည်။

“အရင်ဇာတ်တွေကိုနားခဲ့တုန်းကဆိုရင် အိမ်မှာ ကွမ်းယာဆိုင်လေးရောင်းပြီး ဝမ်းရေးကိုဖြေရှင်းခဲ့ရတယ်။ အခုက အခက်အခဲတွေကြားက အဆင်ပြေအောင်လုပ်နေရတုန်းရှိသေးတယ်။ ဒီကာလတွေမှာတော့ ကျွန်မတို့ဇာတ်တွေကိုရပ်နားတာတွေဖြစ်လာမှာကိုစိုးရိမ်မိပါတယ်”ဟု ၎င်းကပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဇာတ်သဘင်အဖွဲ့ ၁၁ ခုကို ပြန်လည်တည်ထောင်လာနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ မြို့အချို့တွင် ဇာတ်ကပြခွင့်မရသော်လည်း မြို့နှင့်အလှမ်းဝေးသည့်ကျေးရွာဒေသများ၌ ဇာတ်ကပြဖျော်ဖြေလျှက်ရှိနေကြောင်း ရခိုင်ဇာတ်သဘင်အစည်းအရုံးမှ အတွင်းရေးမှူးဖြစ်သူ ဦးချမ်းအေးကပြောသည်။

ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်နေ့)ကလည်း စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင်ကပြမည့် စိန်ရွှေရတနာဇာတ်သဘင်မှာ ဇာတ်စင်ဆောက်ပြီးမှ တားမြစ်ခံရ၍  ကပြဖျော်ဖြေခွင့် မရရှိခဲ့ပေ။

ဗီဒီယိုများ