ပုလောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရ၍ မိသားစုဝင် ၇ ဦးသေဆုံး

အလယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်မှုကြောင့် အသက် ၁ နှစ်ခန့် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၇ ဦး သေဆုံးခဲ့ရပြီး အုပ်ချုပ်ရေးမှူးမှာ လွတ်မြောက်ခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

By Admin 12 Feb 2023

သေနတ်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့လိုက်ရသည့် အလယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
သေနတ်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့လိုက်ရသည့် အလယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီကျော်အချိန်က လက်နက်ကိုင်လူတစ်စုက နေအိမ်သို့ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး သေဆုံးသွားကြောင်း သိရသည်။

အလယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်မှုကြောင့် အသက် ၁ နှစ်ခန့် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၇ ဦး သေဆုံးခဲ့ရပြီး အုပ်ချုပ်ရေးမှူးမှာ လွတ်မြောက်ခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ဖြစ်တာက ညပိုင်း ၈ နာရီဝန်းကျင်မှာ အိမ်ထဲကို သေနတ်သမားတွေ ဝင်ပြီး တွေ့တဲ့သူ အကုန်ပစ်သွားတယ်။ အုပ်ကြီးပဲ လွတ်သွားတယ်” ဟု အလယ်ကုန်းရွာသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ ဦးမြင့်အောင်၏ ဇနီး အသက် ၆၁ နှစ်အရွယ် ဒေါ်ကြင်နွဲ့၊ သမီးဖြစ်သူ အသက် ၄၂ နှစ် အရွယ် ဒေါ်သန်းသန်းမော်နှင့် မြေးငယ်များဖြစ်သူ မောင်နေထက်သိန်း၊ မောင်ဇေယျာအောင်၊ မောင်စိုးမင်းပိုင်၊ မမေဇင်ဖြူနှင့် မောင်သားသား တို့ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁) က အသေးစိတ်ကို စုံစမ်းသွားမည်ဖြစ်ကြောင်းနှင့်  ကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်နိုင်ရန် ဖော်ထုတ်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ပုလောမြို့ ပြည်သူ့ကာကွယ်ရေးတပ် သတင်းရင်းမြစ်တစ်ဦးက “ပုဂ္ဂိုလ်ရေးအငြိုးအရ ပစ်တယ်လို့ ယူဆပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အသေးစိတ် လိုက်လံစုံစမ်းနေတယ်၊ ဖော်ထုတ်နေပါတယ်” ဟု ပြောသည်။

လက်ရှိမှာ အလယ်ကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ပုလော-ပလောက် ကားလမ်းမတလျှောက်၌လည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

တနင်္သာရီတိုင်းတွင် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့သည် စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များဖြစ်သည်။

#F004

ဗီဒီယိုများ