တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ကော့သောင်းဒေသခံ ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ခိုလှုံခွင့်ပေးထား

ထိုင်း-မြန်မာနယ်စပ် ဝိုင်ဒင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၁၁၀ ဦးကို ထိုင်းအာဏာပိုင်များက ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

By Admin 23 Feb 2023

နယ်စပ်သို့တိမ်းရှောင်နေရသူများကို ထိုင်းနယ်ခြားစောင့်တပ်က အကူအညီများပေးအပ်နေစဉ်။ ဓာတ်ပုံ - CJ
နယ်စပ်သို့တိမ်းရှောင်နေရသူများကို ထိုင်းနယ်ခြားစောင့်တပ်က အကူအညီများပေးအပ်နေစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဝိုင်ဒင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၁၁၀ ဦးကို ထိုင်းအာဏာပိုင်များက ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက် အထိဖြစ်ပွားခဲ့သည့် ရှမ်းကိုးရွာဒေသ၊ ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်နေရသည့် ဒေသခံများကို ထိုင်းအာဏာပိုင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီပေးထားခြင်းဖြစ်သည်။

“လူသားချင်း စာနာထောက်ထားမှုအနေနဲ့ ဝိုင်ဒင်းက စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက လက်ခံပေးထားတယ်။ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ နေထိုင်စရာတွေကိုပါ ကူညီထောက်ပံ့ပေးထားတာရှိတယ်။ မြန်မာဘက်က နဒီစစ်ရှောင်ကူညီတဲ့အဖွဲ့ကနေ မေတ္တာရပ်ခံထားတဲ့အတွက် ကူညီပေးထားတာ ဖြစ်တယ်”  ဟု နယ်စပ်စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ 

အဆိုပါ စစ်ဘေးရှောင်များမှာ သပခရာ နယ်မြေတွင်(၆၀) ဦးနှင့် သဝေထောင် နယ်မြေတွင် ( ၅၀) ဦးတို့ရှိနေပြီး အသက်အန္တရာယ် မလုံခြုံသည့်အတွက် နောက်ထပ်စစ်ဘေးရှောင်များ ရောက်လာလျှင်လည်း ထပ်မံလက်ခံပေးရန်ရှိနေကြောင်း ထိုင်းနိုင်ငံ ရနောင်းပြည်နယ် ကရဘူရိ အုပ်ချုပ်ရေးအဖွဲ့က နယ်စပ် စစ်ရှောင်ကူညီရေးအဖွဲ့ထံ အကြောင်းကြားထားကြောင်း သိရသည်။

ရှမ်းကိုးရွာဒေသ ဝိုင်းဒင်ကျေးရွာအတွင်း၌ လက်ရှိ တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် ဒေသခံ ၅၀၀ ထက်မနည်းမှာ ထိုင်းနယ်စပ်ဒေသနှင့် အနီးတောတောင်အတွင်းသို့ တိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။ 

ဝိုင်းဒင်ကျေးရွာသား စစ်ဘေးရှောင်တစ်ဦးက “ အခြေအနေက တိုက်ပွဲ ငြိမ်နေတဲ့ သဘောရှိတယ်။ ဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် အခုထက်ထိ ရှောင်နေရတယ်။ ကျနော် အပါအဝင် ရွာသား ၂၀၀ ဝန်းကျင်က တောတောင်ထဲမှာနေရတယ်။ ကျန်တဲ့သူတွေက နယ်စပ်ကို ထပ်ရှောင်ကြတယ် ” ဟု ဆိုသည်။

ကော့သောင်းဒေသခံများကို ထိုင်းနိုင်ငံအာဏာပိုင်များမှ ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးမှုအပေါ် ကြိုဆိုကြောင်းနှင့် ယခုထက်လည်း အကူအညီများ ထပ်မံပေးအပ်ဖို့အတွက် နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း နယ်စပ်ဒေသ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သည့်အဖွဲ့ကပြောဆိုသည်။

စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက “ အခုလို ထိုင်းအာဏာပိုင်တွေ လူသားချင်းစာနာထောက်ထားပြီး ကူညီတဲ့အပေါ် ကျေးဇူးတင်တယ်။ ကြိုဆိုတယ်။ ဆက်လက်ပြီး စစ်ရှောင်ဒေသခံတွေအတွက် ကူညီပေးဖို့ နှစ်ဖက် အပြန်အလှန် ပူးပေါင်းဖို့လည်း ရှိပါတယ်”  ဟု ပြောသည်။

လက်ရှိတွင် ကော့သောင်းမြို့အခြေစိုက် အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နှင့် ခမရ ၅၂၈ တပ်ရင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဝိုင်ဒင်းကျေးရွာအနီး၌ တပ်စွဲထားမှုကြောင့် ဒေသကာကွယ်ရေးအဖွဲ့များနှင့် နှစ်ဖက်စစ်ရေး တင်းမာနေသည်။

#F004

ဗီဒီယိုများ