လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

" တချို့က အလှူခံပြီး စားနေရတယ်။ တချို့က ထမင်းနပ်မမှန်ဘူး။ ဖြစ်သလိုစား၊ ဖြစ်သလို အိပ်နေရတယ်။ နဂိုကမှ တစ်နေ့ရှာ တစ်နေ့စားနဲ့ စစ်ရှောင်စခန်းမှာ ဖြစ်သလိုနေထိုင်နေရတာ။ အခုတစ်ခါ ထပ်ပြောင်းရွှေ့ ရတော့ ပိုးဆိုးတာပေါ့ " ဟု နေပူခံ စစ်ရှောင်းစခန်းမှ တိမ်းရှောင်လာသူ ဒေါ်စောနှင်းခိုင်က ပြောသည်။

By Admin 24 May 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်က သက်ကြီးရွယ်အို စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်က သက်ကြီးရွယ်အို စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်။

DMG ၊ မေ ၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ မဟာကံကြီးသျှင်၊ မီးရထားဘူတာနှင့် နေပူခံ စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ နေရာပြောင်းရွှေ့နေထိုင်ကြပြီး စားဝတ်နေရေး အကျပ်အတည်း ကြုံနေရကြောင်း သိရသည်။

စစ်ဘေးရှောင်အပါအဝင် လူ ၈ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သော မေလ ၁၄ ရက်နှင့် ၁၅ ရက်က လေကြောင်း ဗုံးကြဲမှုကြောင့် ယင်းစစ်ဘေးရှောင်များမှာ ကျောက်တော်စစ်ဘေးရှောင်စခန်းများမှ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

" တချို့က အလှူခံပြီး စားနေရတယ်။ တချို့က ထမင်းနပ်မမှန်ဘူး။ ဖြစ်သလိုစား၊ ဖြစ်သလို အိပ်နေရတယ်။ နဂိုကမှ တစ်နေ့ရှာ တစ်နေ့စားနဲ့ စစ်ရှောင်စခန်းမှာ ဖြစ်သလိုနေထိုင်နေရတာ။ အခုတစ်ခါ ထပ်ပြောင်းရွှေ့ ရတော့ ပိုးဆိုးတာပေါ့ " ဟု နေပူခံ စစ်ရှောင်းစခန်းမှ တိမ်းရှောင်လာသူ ဒေါ်စောနှင်းခိုင်က ပြောသည်။

ကျောက်တော်မြို့က စစ်ဘေးရှောင်စခန်းများတွင် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်အသီးသီးမှ လူဦးရေ ထောင်ချီနေထိုင်ကြခြင်းဖြစ်ပြီး စစ်ကောင်စီက ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့ နေထိုင်ရာ စစ်ရှောင်စခန်းများကို စွန့်ခွာလာကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်စဉ်က ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ၊ ဈေးရောင်းခြင်း၊ နေ့စားစသည့် အလုပ်များဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသော်လည်း ယခု ယာယီနေထိုင်သော နေရာတွင် အလုပ်အကိုင်မရှိခြင်း၊ ကူညီထောက်ပံ့သူ မရှိခြင်းတို့ကြောင့် စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

" ဘယ်နေ့ ဘယ်အချိန်ကျမှ ပြန်သွားရမလဲ ဆိုတာမသိဘူး။ အခု အလုပ်လည်းမရှိ အကိုင်လည်းမရှိနဲ့ ဒီအတိုင်းဆို ရေရှည်မှာ မလွယ်ဘူး။ အခုတောင် ထမင်းနပ်မမှန်ဘူး ငတ်တဲ့လူ ငတ်နေပြီ။ ကျမတို့ဘဝက ဒီအတိုင်းပဲနေ ထိုင်သွားရေတော့မယ် ထင်တယ် " ဟု မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ ထမ်မံ စစ်ဘေးရှောင်နေသူ ဒေါ် ဝိုင်းမချေက ပြောသည်။

ကျောက်တော်မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် မြို့နယ်တခုလုံး ကို ၁၄ ကြိမ် ထက်မနည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၁၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းအထဲတွင် ကျောက်တော်မြို့မှာ ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ဘေးရှောင်နှင့် မြို့ခံအပါအဝင် ၂၈ ဦးထက်မနည်း သေဆုံးကာ ၈၉ ဦးထက်နည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကို စိုးရိမ်ကြောက်လန့်သဖြင့် လက်ရှိတွင် ကျောက်တော် မြို့ခံများ အပါအဝင် စစ်ဘေးရှောင်များမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။