AA သံသယနှင့် တရားစွဲခံရသူ ၁၂ ဦးအမှု အမိန့်ချရန်တစ်ခုသာ ကျန်ရှိသော်လည်း ရုံးချိန်းထပ်မံရွေ့ဆိုင်း

၎င်းတို့ ၁၂ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ရန်အတွက် သံတွဲမြို့နယ်တရားရုံးတွင် ချိန်းဆိုထားသော်လည်း လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကို ပြန်လည်ရုံးချိန်းလိုက်ကြောင်း မိသားစုများက ပြောသည်။ 

By Admin 15 Feb 2023

သံတွဲမြို့နယ်တရားရုံး
သံတွဲမြို့နယ်တရားရုံး

DMG ၊ ဖေဖော်ဝါရီ ၁၅

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယနှင့် တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ၁၂ ဦး အမှုမှာ သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချမှတ်ရန်တစ်ခုသာ ကျန်ရှိတော့သော်လည်း  တရားရုံးမှ အဆင်သင့်မဖြစ်သေးဟုဆိုကာ ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

၎င်းတို့ ၁၂ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ရန်အတွက် သံတွဲမြို့နယ်တရားရုံးတွင် ချိန်းဆိုထားသော်လည်း လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကို ပြန်လည်ရုံးချိန်းလိုက်ကြောင်း မိသားစုများက ပြောသည်။ 

တရားစွဲဆိုခံထားရသူ ဦးစိန်သောင်း၏ မိသားစုဝင်တစ်ဦးက “ဒီနေ့မှာ အမိန့်ချမယ်လို့ ပြောပေမယ့် အမိန့်မချခဲ့ဘူး။ ဘာဖြစ်လို့မှန်းမသိဘူး ထပ်ပြီး ၂၂ ရက်နေ့ကို ရွေ့လိုက်ပါတယ်။ ဖမ်းဆီးခံထားရသူတွေ အကုန်လုံး ပြန်လွတ်လာစေချင်ပါတယ်” ဟု ပြောသည်။ 

တရားစွဲဆိုခံထားရသူများမှာ ကဗျာဆရာ ကိုစန်းကို၊  လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်သောင်း၊ ဦးလှိုင်ဝင်းထွဋ်၊ ဝင်းမောင်မောင်ဖြိုး၊ ဘိုခင်ကျော်၊ ဦးဝင်းမောင်၊ ဦးညီလေးကြီး၊ ဦးခင်မောင်အေး၊ ဦးခင်ကျော် နှင့် ကိုဆန်းကို အပါအဝင် ၁၂ ဦးတို့ဖြစ်သည်။

အဆိုပါ သံတွဲဒေသခံများမှာ  မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ် မ ၅၀၅(က)တို့ဖြင့် အသီးသီး တရားစွဲခံထားရခြင်းဖြစ်သည်။ 

တရားစွဲဆိုခံထားရသူ ဦးဝင်းမောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးက “ဦးဝင်းမောင်က ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဆက်သွယ်တာ မရှိပါဘူး။ ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်နေတာပါ။ မတရားသဖြင့် စွဲဆိုခံထားရတာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ 

တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံများမှာ မြန်မာစစ်တပ်နှင့် AA တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံထားရသူများဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် အပြစ်မရှိဘဲ ဖမ်းဆီးတရားစွဲဆိုထားသူများကို ပြန်လွတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။ 

“တောင်ကုတ်ကနေ သံတွဲကိုလာတဲ့အခါ ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီနောက် မှောင်ရိပ်ခိုမှုနဲ့ ထောင်တစ်လ ကျခံခဲ့ရတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်စီးလာလို့ ဆိုပြီးတော့လည်း ထောင်တစ်နှစ် ချမှတ်ထားတယ်။ အခုလည်း ၁၇(၁) နဲ့ တရားစွဲဆိုထားတယ်” ဟု တရားစွဲဆိုခံထားရသည့် ဦးခင်မောင်အေး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသူ စုစုပေါင်း ၃၁ ဦးအထိရှိကြောင်း သိရသည်။ 

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်း ဆက်သွယ်မှုဥပ ဒေပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူ ၅၀ ဦးခန့်ရှိခဲ့သည်။

#R010 

ဗီဒီယိုများ