စစ်တွေကမ်းခြေတွင် ရှားပါးမျိုးစိတ် ပြင်သာလိပ်(ပင်လယ်လိပ်ကြီး)တစ်ကောင် သေဆုံးလျက်တွေ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် ရှားပါးမျိုးစိတ် ပြင်သာလိပ်(ပင်လယ်လိပ်ကြီး)တစ်ကောင်ကို အောက်တိုဘာ ၆ ရက် ညပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

07 Oct 2021

DMG ၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် ရှားပါးမျိုးစိတ် ပြင်သာလိပ်(ပင်လယ်လိပ်ကြီး)တစ်ကောင်ကို အောက်တိုဘာ ၆ ရက် ညပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

၂ ပေပတ်လည်ခန့်နှင့် ထုထည် ၁၀ လက်မခန့်ရှိသည့် ပြင်သာလိပ်(ပင်လယ်လိပ်)မှာ အရွယ်ရောက်ပြီးသည့် လိပ်တစ်ကောင်ဖြစ်ပြီး ပင်လယ်လှိုင်းနှင့်အတူ မျောပါလာခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“လှိုင်းနဲ့အတူပါလာတာပါ။ ကျနော်တို့က အဲဒါဘာလည်းမသိဘူးဆိုပြီး သွားကြည့်လိုက်တာ။ လိပ်ကြီးတစ်ကောင်သေနေတာကို တွေ့တယ်။ အဲဒီလိပ်မှာ အရေခွံလှန်ပြီးတော့ ဒဏ်ရာတွေလည်းပါတယ်။ ပိုက်ကြိုးတွေနဲ့ငြိနေတာလည်းမြင်ခဲ့ရပါတယ်“ ဟု ၎င်းကဆိုသည်။

ပင်လယ်ကမ်းစပ်အနီး သေဆုံးမှုဖြစ်ပွားခြင်းမှာ ငါးဖမ်းပိုက်တွင် ငြိမိခြင်း၊ ဗုံးဖောက်ငါးဖမ်းခြင်း၊ စက်လှေရေဟပ်ဖြင့်ထိချခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခြင်းများလည်းဖြစ်နိုင်သည်ဟု လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် ဒေါ်ကလျာခန့်မှန်းပြောဆိုသည်။

အဆိုပါလိပ်မျိုးစိတ်မှာ သတ်ဖြတ်ရန် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇)မျိုးထဲမှ လိပ်မျိုးစိတ်တစ်ခုဖြစ်သည်။

“ပြင်သာလိပ်ဆိုတာ ရှားပါးတဲ့မျိုးစိတ် တစ်ခုလည်းဖြစ်တယ်။ လိပ်ဆိုတာ ရေထဲမှာနေပေမဲ့ အဆုတ်နဲ့အသက်ရှူတယ်။ ငါးဖမ်းပိုက်တွေမှာငြိနေပြီဆိုရင် အဆုတ်ထဲကိုရေဝင်ပြီး သေသွားတာလည်းဖြစ်နိုင်တယ်။ ပင်လယ်ထဲမှာ ဗုံးဖောက်ပြီး ငါးဖမ်းတာကြောင့်လည်း သေသွားတာလည်းဖြစ်နိုင်တယ်။ စက်လှေရေဟပ်တွေကြောင့် သေသွားတာလည်းဖြစ်နိုင်တယ်။ ရောဂါကြောင့် သေဖို့ဆိုတာအရမ်းနည်းပါတယ်”ဟု ဒေါ်ကလျာကဆိုသည်။

လိပ်ဥများစားသုံးခြင်း မဆင်မခြင်ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်မျိုးစိတ်များမှာ မျိုးတုံးမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ငါးဖမ်းပိုက်များတွင် ပင်လယ်လိပ်များငြိပါက ပြန်ထွက်၍ရနိုင်သည့် နိုင်ငံတကာငါးဖမ်းပိုက်များတွင်တပ်ဆင်ထားသော နည်းပညာကိုသုံးပြီး လိပ်၏အသက်အန္တရာယ်ကို ကာကွယ်သင့်သည်ဟုလည်း ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ လိပ်ကြက်တူရွေး၊ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေးဟူ၍ ပင်လယ်လိပ်ငါးမျိုး ကျက်စားနေထိုင်နေသည်ဟုဆိုသော်လည်း လက်ရှိအချို့မျိုးစိတ်များမှာ မတွေ့ရှိရတော့ကြောင်းလည်း သိရသည်။

ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ(က)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ဥပဒေတွင်ဖော်ပြထားသည်။

ဗီဒီယိုများ