- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
ပုဏ္ဏားကျွန်းက စစ်ရှောင်များ ခြေလျင် ၅ မိုင်ခရီးသို့ သွားရောက်ထင်းခုတ်၍ ဝမ်းရေးဖြေရှင်းနေကြ
ကူညီထောက်ပံ့မှုနည်းပါးခြင်းနှင့်အတူ စားရေးသောက်ရေး အခက်အခဲများကြုံလာသဖြင့် ယခုကဲ့သို့ တောတောင် ခရီးကြမ်းများကို ဖြတ်ကျော်သွားရောက်ကာ ထင်းခုတ်၍ ရုန်းကန်နေကြရခြင်းဖြစ်သည်။
06 Mar 2025

DMG ၊ မတ် ၆
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းလာသဖြင့် နေထိုင်ရာ နေရာမှ ခြေလျင် ၅ မိုင်ခန့်ဝေးသည့် နေရာသို့ သွားရောက်ကာ ထင်းခုတ်ယူပြီး ဝမ်းရေးဖြေရှင်းနေကြရသည်။
ကူညီထောက်ပံ့မှုနည်းပါးခြင်းနှင့်အတူ စားရေးသောက်ရေး အခက်အခဲများကြုံလာသဖြင့် ယခုကဲ့သို့ တောတောင် ခရီးကြမ်းများကို ဖြတ်ကျော်သွားရောက်ကာ ထင်းခုတ်၍ ရုန်းကန်နေကြရခြင်းဖြစ်သည်။
"တောင်တက်၊ တောင်ဆင်းနဲ့ ထင်းစည်းကို ထမ်းပြီး သွားရတာက ခက်ခဲတယ်။ အခုဆိုရင် ထင်းတွေ ရှားလာတာနဲ့ အဝေးကို သွားခုတ်ရတာကြောင့် ပိုပြီး ပင်ပန်းတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ စစ်ဘေးရှောင်စခန်းမှ ဦးထွန်းသိန်းအောင်က ပြောသည်။
ထင်းအချောင်း ၁၀၀ ရှိသည့် ထင်းတစ်စည်းကို ငွေကျပ် ၁၅,၀၀၀ ခန့်ရရှိပြီး စစ်ဘေးရှောင်များမှာ ပုံမှန် တစ်နေ့လျှင် ထင်းအချောင်းရေ ၂၀၀ ဝန်းကျင် ခုတ်ယူနိုင်ကြကြောင်း သိရသည်။
သို့သော်လည်း လမ်းခရီးဝေးလှသဖြင့် ထင်းအချောင်း ၂၀၀ အထိ မသယ်ယူနိုင်၍ ထင်းအချောင်း ၁၀၀ မျှသာ သယ်နိုင်ကြသဖြင့် တစ်နေ့တာ ဝမ်းရေးပြေလည်ရေးမှာ အခက်အခဲများ ကြုံတွေ့ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။
"ထင်းခုတ်ရောင်းတဲ့ သူတွေလည်း များလာတော့ ထင်းက ရှားလာတယ်။ တစ်ရက်ထက် တစ်ရက် အဝေးကို သွားပြီး ထင်းခုတ်ရတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒေါ်သန်းသန်းနုက ပြောသည်။
လက်ရှိ ထင်းခုတ်ရောင်းချသူများလာမှုအပြင် တစ်ဖက်တွင်လည်း တောတောင်မြေပိုင်ရှင်များက ထင်းခုတ်မှုများကို ဟန့်တားလာသဖြင့် စစ်ဘေးရှောင်များအတွက် ထင်းခုတ်ယူရသည်မှာ ပို၍ ခက်ခဲလာနေသည်။
စစ်ဘေးရှောင်များမှာ နေရပ်စွန့်ခွာလာစဉ်က ယူဆောင်လာကြသည့် ရွှေ၊ ငွေစသည့် ပစ္စည်းဥစ္စာ အချို့မှာလည်း ထုခွဲရောင်းချ စားသောက်သဖြင့် ကုန်ခမ်းသွားပြီဖြစ်၍ ဝမ်းရေးအတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရခြင်း ဖြစ်သည်။
"ဒီထက်ပိုပြီး အငတ်ဘေးကြုံလာရင်၊ မရရင် ရတဲ့နည်းလမ်းတွေနဲ့ ရှာလာနိုင်ပြီး နောက်ဆို ဒုစရိုက်မှုတွေ ပါဝင်လာနိုင်တယ်။ ဒါတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်" ဟု ပုဏ္ဏာကျွန်းမြို့နယ်မှ လှူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ဦးရေ ၇ သိန်းခန့် တိုးလာနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲ အကျပ်အတည်းများကို ခါးစည်းခံကာ ဖြတ်သန်းနေကြရသည်။