မောင်တောတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် စပါးခင်းများပျက်စီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင်၊ သင်္ဘောလှ၊ သာယာကုန်း၊ ငွေတောင် စသည့်ကျေးရွာများတွင် လယ်ကွင်းထဲသို့ ညဉ့်အချိန် တောဆင်ရိုင်းများ ဝင်ရောက်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ရှိနေကြောင်းသိရသည်။

By Admin 31 Oct 2022

မောင်တောတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် စပါးခင်းများပျက်စီး

တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် စပါးခင်းများ။ ဓာတ်ပုံ - နံသာတောင်ဆရာတော်

DMG ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင်၊ သင်္ဘောလှ၊ သာယာကုန်း၊ ငွေတောင် စသည့်ကျေးရွာများတွင် လယ်ကွင်းထဲသို့ ညဉ့်အချိန် တောဆင်ရိုင်းများ ဝင်ရောက်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ရှိနေကြောင်းသိရသည်။

နံသာတောင်နှင့် သင်္ဘောလှကျေးရွာကြားတွင် စိုက်ပျိုးထားသော နံသာတောင်ဆရာတော်၏ လယ်ဧက ၅၀ ခန့်ကို ပြီးခဲ့သည့်သုံးရက်ခန့်က တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း နံသာတောင်ကျေးရွာမှ ဒေသခံ ဦးထွန်းလှက ပြောသည်။

“ဒေသမတည်ငြိမ်လို့ လယ်ပြင်ကို ဘယ်သူမှ ထွက်မစောင့်ရဲဘူးလေ။ ဆင်အုပ်တွေက ညတိုင်း ဆင်းစားကြတယ်။ ဆင်စားသွားတာ တမျိုး၊ တက်နင်းသွားလို့ ပျက်စီးတာတမျိုး။ အရှင်ဘုရားမှာ ကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားတွေအများကြီးရှိတော့ အလှူရှင်တွေမရောက်ရင် စားသုံးဖို့အတွက် စိုက်ထားတဲ့ စပါးတွေပါ။ အခုတော့ ဆင်ကြောင့် အကုန်ပျက်စီးသွားပါပြီ။ ဆင်စားနေတာသိရင်တောင် မသွားရဲတော့ မနက်မှပဲ ပျက်စီးနေတဲ့ စပါးခင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတာပါ”ဟု ၄င်းကပြောသည်။

အလားတူ သာယာကုန်းကျေးရွာမှ စပါးခင်းများကိုလည်း တောဆင်ရိုင်းများ ညအချိန် ဝင်ရောက်စားသောက်မှုကြောင့် လယ် ၁ ဧကခန့်ပျက်စီးသွားပြီး ဆင်များထပ်လာမည်ကို စိုးရိမ်သောကြောင့် ကင်းစောင့်နေရသည်ဟု သာယာကုန်းကျေးရွာမှ ကိုစောရွှေမောင်ကပြောသည်။

“ကျနော်တို့ရွာဖက်ကို လာစားတာ ၂ ညရှိပါပြီ။ သူတို့ တောထဲကနေလာတဲ့အသံကိုတော့ မကြားရဘူး ။ လယ်ကွင်းထဲကို ဝင်စားမှပဲသိရတော့ မောင်းထုတ်လို့မရတော့ဘူး။ ဒါကြောင့် ညအိပ်စောင့်ပြီး သူတို့လာတဲ့အသံကို အာရုံစိုက်ပြီး အသံနဲ့ခြောက်လှန့်မောင်းထုတ်နေရတယ်။ ကျနော်တို့ဖက်မှာလည်း စစ်ရေးအခြေအနေ ဆိုးနေတာဆိုတော့ အခုလိုညအချိန် အပြင်ထွက်ပြီးနေရတာ ကြောက်တယ်။ ဒါပေမဲ့ ကိုယ့်စပါးခင်းတွေကို နှမြောတော့ ကြောက်ရင်လည်း လာစောင့်ရတာပါပဲ”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် တပတ်အတွင်းက တောဆင်ရိုင်းများ ဝင်ရောက်ခဲ့သောကြောင့် လယ်ကွင်းထဲရှိစပါးပင်များ ပျက်စီးသွားခဲ့ပြီးနောက် ကင်းစောင့်ရန်လူများငှါးရမ်းကာ မောင်းထုတ်နေရသည်ဟု ဗန္ဓုလကျေးရွာမှ လယ်သမားတစ်ဦးကလည်း ပြောသည်။

“တခါစားသွားကတည်းက ထပ်လာမယ်ဆိုတာသိလို့ ညစောင့်တွေထားတယ်။ ပထမတခါတော့ ရိပ်မိလိုက်လို့ မီးတွေနဲ့ အသားကုန်အော်ပြီး မောင်းထုတ်နိုင်လိုက်တယ်။ အဲဒီနောက်ပိုင်းတော့ ညစောင့်အိပ်တဲ့သူတွေက တောထဲဖက်ကနေ အသံကြားတာနဲ့ အော်ပြီးမောင်းထုတ်တော့တာပဲ။ ဒီဖက်တွေမှာက ဆင်ရိုင်းတွေက နှစ်တိုင်းလိုလို လာစားတာရှိတယ်”ဟု ၄င်းကပြောသည်။

အဆိုပါ တောဆင်ရိုင်းများမှာ နေ့အချိန်တွင် တောထဲ၌သာ ကျင်လည်ကျက်စားလျှက်ရှိပြီး စပါးပေါ်ချိန်ရောက်လျှင် လယ်ကွင်းထဲသို့ ညအချိန် ပုံမှန်ဝင်ရောက်စားသောက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဗီဒီယိုများ