သံတွဲတွင် တုတ်တုတ်(အိန္ဒိယသုံးဘီး)သမားများ မ.စ.က အသင်းဝင်ရန် ခြိမ်းခြောက်ခံရမှုများရှိနေဟုဆို 

တုတ်တုတ်(အိန္ဒိယသုံးဘီး)သမားများအနေဖြင့် မ.စ.ကလက်အောက်တွင် အသင်းဝင်အဖြစ် ဝင်ရောက်မှုမရှိပါက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

By Admin 25 Feb 2023

သံတွဲမြို့အတွင်းမှာ ခရီးသည်သယ်ယူပို့ဆောင်ပေးနေသည့် တုတ်တုတ် အစီးရေ ၃၅၀ ကျော်ရှိသည်။
သံတွဲမြို့အတွင်းမှာ ခရီးသည်သယ်ယူပို့ဆောင်ပေးနေသည့် တုတ်တုတ် အစီးရေ ၃၅၀ ကျော်ရှိသည်။

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်၊ သံတွဲမြို့ရှိ တုတ်တုတ်(အိန္ဒိယသုံးဘီး)မောင်းနှင်သူများမှာ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ(မ.စ.က) လက်အောက်တွင် အသင်းဝင်ရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမှတ်(၃)ရပ်ကွက် ယာဉ်ထိန်းရဲရုံးတွင် သံတွဲမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ(မ.စ.က) နှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတို့က အိန္ဒိယသုံးဘီးသမားများကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ခေါ်ယူတွေ့ဆုံရာတွင် တုတ်တုတ်(အိန္ဒိယသုံးဘီး)သမားများအနေဖြင့် မ.စ.ကလက်အောက်တွင် အသင်းဝင်အဖြစ် ဝင်ရောက်မှုမရှိပါက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

“မင်းတို့အနေနဲ့ မ.စ.က အောက်မှာရှိတဲ့ အဖွဲ့အစည်းဝင်မလား။ ဒါမှမဟုတ်ရင် တုတ်တုတ်ချေကို ငွေ ၃ သောင်းကျပ်နဲ့ အဖမ်းခံမလားဆိုပြီးတော့ ပြောတာရှိတယ်။ အဲဒီအဖွဲ့အောက်မှာ မဝင်လို့ရှိရင်လည်း လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းနိုင်တဲ့အဆင့်ထိ ရောက်သွားနိုင်တယ်လို့ ပြောဆိုတာတွေရှိပါတယ်။ ဥပဒေနဲ့ပတ်သက်လို့ အားနည်းတဲ့သူတွေကို ခြိမ်းခြောက်နေသလို ဖြစ်နေပါတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါကော်မတီအောက်တွင် မည်သည့်အတွက်ကြောင်း အသင်းဝင်ရမည်နှင့် မည်သည့်အာမခံချက်၊ မည်သို့အကျိုးရှိမည်တို့ကို ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိသဖြင့် အိန္ဒိယသုံးဘီးမောင်းနှင်သူများမှာ လက်ရှိအချိန်ထိ အသင်းဝင်ခြင်းမရှိသေးကြောင်း သိရသည်။ 

သံတွဲမြို့မှ တုတ်တုတ်(အိန္ဒိယသုံးဘီး)မောင်းသူတစ်ဦးက “ကျနော်တို့မှာက လုပ်ငန်းလိုင်စင်တွေ အကုန်လုံးပါပြီးသား မောင်းကြတာ။ အခုလုပ်တာကလည်း အစိုးရရဲ့မူဝါဒလို့ကြားရပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် အသင်းဝင်အဖြစ် မဝင်ချင်ဘူး။ ဒါပေမဲ့ အများဝင်ရင်တော့ ဝင်ရမှာပဲ။ ကိုယ်တစ်ယောက်တည်း ဆန္ဒပြနေလို့တော့ မရဘူးလေ။ အခုချိန်ထိတော့ တစ်ယောက်မှ အကြောင်းမပြန်ကြသေးပါဘူး” ဟု ပြောသည်။ 

တုတ်တုတ်(အိန္ဒိယသုံးဘီး)သမားများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ သံတွဲခရိုင်ဦးစီးမှူး ဦးအောင်ဇော်မိုးကို DMG မှ ဆက်သွယ်မေးမြန်းရာတွင်  “နေပြည်တော်က ညွှန်ကြားချက်ထုတ်ထားလို့ ဘယ်လိုမှစိတ်မရှိပါနဲ့” ဟု တုန့်ပြန်ခဲ့သည်။ 

မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ(မ.စ.က)လက်အောက်တွင် ယာဉ်လိုင်းများရှိရမည်ဖြစ်ပြီး သံတွဲမြို့နယ်အတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်း ၈ လိုင်းရှိကာ သုံးဘီးနှင့် တုတ်တုတ်(အိန္ဒိယသုံးဘီး)များမှာ အသင်းဝင်ခြင်း မရှိသေးသည့်အတွက် ထိုသို့အသင်းဖွဲ့စည်းပေးရခြင်းဖြစ်ကြောင်း သံတွဲခရိုင်ဦးစီးမှူး ဦးအောင်ဇော်မိုးက ယခင်က DMG သို့ ဖြေကြားထားသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် သံတွဲခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ်များသည် မ.စ.က၏လက်အောက်၌သာ ရှိသင့်သည်ဟုဆိုကာ ထိုအသင်းမှအတွင်းရေးမှူး ဦးခင်မောင်ထွေးလက်မှတ်ဖြင့် အသိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တုတ်တုတ်သမားများထံမှ သိရသည်။

ယင်းထုတ်ပြန်စာတွင် သံတွဲမြို့အတွင်း တုတ်တုတ်ဆိုင်ကယ် မောင်းသူများအနေဖြင့် ငွေကျပ် ၂ သောင်းကို မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မ.စ.က)၏ ငွေစာရင်းဌာနသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ငွေပေးသွင်းကြရန် ပါရှိသည်။

တုတ်တုတ်(အိန္ဒိယသုံးဘီး)သမားများမှာ လက်ရှိအထိချိန် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (မ.စ.က)လက်အောက်တွင် အသင်းဝင်ခြင်းမရှိသေးသဖြင့် ထပ်မံခေါ်ယူကာ ဖိအားပေးခြိမ်းခြောက်ခံရမှုများပါ ရှိလာနေခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောဆိုသည်။ 

သံတွဲမြို့မှ နောက်ထပ် တုတ်တုတ်(အိန္ဒိယသုံးဘီး)မောင်းသူတစ်ဦးက “ကျနော်တို့မှာ ဂိတ်သတ်မှတ်ပေးစရာလည်း မလိုဘူး။ အဆင်ပြေတဲ့နေရာမှာ ဂိတ်ထိုးတယ်။ အဆင်ပြေသလို ခရီးသည်တွေက စီးလုံးငှားပြီး လွတ်လွတ်လပ်လပ် သွားနေတယ်။ တကယ်လို့သာ သူတို့အသင်းကို ဝင်ရောက်ပြီး ဂိတ်သတ်မှတ်ပေးမယ်ဆိုရင် ကျနော်တို့အချင်းချင်းကြားမှာ ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ဟိုဂိတ်က လူတွေက ဒီဂိတ်၊ ဒီလမ်းကို မလာရဘူး။ ဒီလိုမျိုး အနေထားတွေ  ဖြစ်လာနိုင်ပါတယ်” ဟု ပြောဆိုသည်။ 

သံတွဲမြို့အတွင်းမှာ ခရီးသည်သယ်ယူပို့ဆောင်ပေးနေသည့် တုတ်တုတ် အစီးရေ ၃၅၀ ကျော်ရှိကြောင်း သိရသည်။ 

#R010

ဗီဒီယိုများ