ငွေကြေး အခက်အခဲကြောင့် ရိုးရာရက္ကန်းလုပ်ငန်း ပြန်လည်ပတ်ရန် ခက်ခဲနေ

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့နယ်က ရခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းခွင်များ ပြန်လည်ပတ်နိုင်ရန် ငွေကြေးပံ့ပိုးမှုများ လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

By Admin 18 Jul 2023

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရွှေကျားရက္ကန်းစက်ရုံအခြေအနေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရွှေကျားရက္ကန်းစက်ရုံအခြေအနေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၇

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့နယ်က ရခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းခွင်များ ပြန်လည်ပတ်နိုင်ရန် ငွေကြေးပံ့ပိုးမှုများ လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

မုန်တိုင်းကြောင့် ရက္ကန်းစင်အဆောက်အအုံနှင့် ကုန်ကြမ်းပစ္စည်းများ ပျက်စီးသွားသဖြင့် ပြန်တည်ဆောက်ရန် အခက်တွေ့နေခြင်းဖြစ်သည်။

“စက်ရုံတစ်ရုံလုံး သုံးလို့မရအောင် ပြိုပျက်သွားတယ်။ စက်ရက္ကန်းတစ်ရုံ၊ ဆေးဆိုးခုံ၊ အရောင်းပြခန်းတွေ ပျက်စီးသွားတယ်။ အခုလက်ရှိကတော့ နည်းည်းလောက်ပဲ လည်ပတ်ရသေးတယ်” ဟု ရွှေကျားရက္ကန်းစက်ရုံ ပိုင်ရှင် ဒေါ်မအေးက ပြောသည်။

ရွှေကျားစက်ရုံတွင် အလုပ်သမား ၆၅ ဦးရှိပြီး ရက္ကန်းစက်ရုံမှာ အလုံးစုံ မလည်ပတ်နိုင်သေး၍ လက်ရှိတွင် ၂၀ ဦးခန့်သာ အလုပ်လုပ်နေရကာ ကျန် ၄၀ ကျော်မှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်။

“အလုပ် လုပ်ရရင်တော့ တစ်လ လေးသိန်းလောက်ရတယ်။ အခုကျ အလုပ်မလုပ်ရတဲ့အတွက် တစ်ပြားမှ မရဘူး။ မလုပ်ရတာလည်း နှစ်လလောက်ရှိပြီ။ အိမ်ကိုလည်း ပိုက်ဆံမပေးနိုင်ဘူး။ စိတ်တော့မကောင်းဘူးပေါ့ ” ဟု ရွှေကျားရက္ကန်းစက်ရုံ အလုပ်သမား ကိုထွန်းထွန်းဝင်းက ပြောသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာက တပိုင်တနိုင် လုပ်ကိုင်နေကြသော ရက္ကန်းစင်ပေါင်း ၃၇၀ ကျော်မှာလည်း မုန်တိုင်းဒဏ်ကြောင့် အားလုံးနီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရက္ကန်းလုပ်ငန်း ပြန်လည်ပတ်ရန် ငွေကြေးအကူအညီများ လိုအပ်နေပြီး စစ်ကောင်စီကလည်း ယခုအချိန်ထိ ထောက်ပံ့ငွေပေးခြင်း ၊ ချေးငွေပေးခြင်းများ မရှိသေးကြောင်း ရက္ကန်းလုပ်ငန်းရှင် ဒေါ်အေးနုခင် က ပြောသည်။

“ရက္ကန်းစင်တွေ ပြန်ပြင်ဖို့ ငွေကြေးမတတ်နိုင်သေးဘူး။ အခုလောလောဆယ် ရက္ကန်းလုပ်တဲ့လူတွေမှာ နေစရာအိမ်တွေကို ဦးစားပေးပြင်ရအုံးမယ်။ ပြီးတော့မှ လုပ်ငန်းကို ပြန်လှည့်နိုင်မှာ။ စစ်ကောင်စီကလည်း ချေးငွေပေးမယ်ဆိုပြီး ရလည်းမရသေးဘူး” ဟု သူက ပြောသည်။

လက်ရှိတွင် ရက္ကန်းလုပ်ငန်း ရပ်တန့်ထားရ၍ ဝါဘိုကျေးရွာသားတစ်ချို့မှာ ကြုံရာကျပန်း နေ့စားအလုပ်များတွင် လုပ်ကိုင်နေရပြီး ရက္ကန်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နိုင်ရန် အကူအညီများ မျှော်လင့်နေကြသည်။

“အခုက ရက္ကန်းမလုပ်ရလို့ မှိုဟင်းခူးတယ်။ ရသလောက်ရောင်းတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားနေရတယ်။ ရက္ကန်းလုပ်ရရင်တော့ (တစ်လကို) နှစ်သိန်း၊ သုံးသိန်းလောက်ရတော့ အဆင်ပြေတယ်။ ပြန်လုပ်ရဖို့က အရမ်းကြာအုံးမယ် ထင်တယ် ” ဟု ဝါဘိုကျေးရွာသား ရက္ကန်းလုပ်သူ ဒေါ်ဦးဆန်းကြည်က ပြောသည်။

ဈေးကွက်အတွင်း နေရာမရသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းသည် ၂၀၁၅ ခုနှစ်ခန့်တွင် တကျော့ပြန် ဦးမော့လာခဲ့ခြင်းဖြစ်သည်။ ဈေးကွက်အတွင်း နေရာမရချိန်က ရက္ကန်းလုပ်ငန်း ရပ်တန့်သွားမည့် စိန်ခေါ်မှုအခက်အခဲများကို အလူးအလဲရင်ဆိုင်ရင်း လက်ရှိတွင် နေရာတစ်ခုရရှိလာခြင်းဟု ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူများက ပြောကြသည်။

ရခိုင်က မုန်တိုင်းကြောင့်ပျက်စီးသွားသည့် MSME အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရန် စစ်ကောင်စီက ဇွန်လ ၂၀ ရက်တွင် ပြည်နယ်အစိုးရရုံး၌ ပြောဆိုခဲ့သော်လည်း ယခုထိတိုင် ချေးငွေထုတ်ပေးခြင်း မရှိသေးပေ။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်အတွင်းက ဒေသထုတ်ကုန်စက်ရုံများမှာ မုန်တိုင်းအလွန် နှစ်လကြာအထိ စက်ရုံများကို ပြုပြင်နေရဆဲဖြစ်ပြီး၊ တချို့စက်ရုံများမှာလည်း ငွေကြေးအခက်အခဲကြောင့် မလည်ပတ်နိုင်သေးကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

#I010

ဗီဒီယိုများ