- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုဝင်ဘာ ၂၁ ရက်က ဂွမြို့နယ်၊ ကျောင်းတောင်ရွာအတွင်း၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် ရေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
22 Nov 2024

DMG ၊ နိုဝင်ဘာ ၂၂
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်က ဂွမြို့နယ်၊ ကျောင်းတောင်ရွာအတွင်း၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် ရေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ညနေပိုင်းအချိန် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးမှာ ရွာအတွင်းသို့ ကျရောက်ပြီး ဒေါ်ညိုညို (၄၂) နှစ်မှာ လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိသွားပြီး ၎င်း၏ မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့သည်။
“မနေ့က ညနေပိုင်းလောက်မှာ လက်နက်ကြီးနဲ့ပစ်လို့ နှစ်ယောက်မှာ အမေက သေတယ်။ သမီးဖြစ်သူက ခြေထောက်မှာ အစမှန်ပြီး ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ရေကြောင်းပစ်ခတ်မှုများ ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
“စစ်ကောင်စီက လက်နက်ကြီးနဲ့ အချိန်မရွေး လှမ်းပစ်နေတာဆိုတော့ ဘယ်အချိန် ကိုယ့်ဆီကျလာမလဲ မခန့်မှန်းနိုင်ဘူး။ စိတ်မလုံခြုံမှုတွေနဲ့နေရတယ်။ လက်နက်ကြီးတင်မက လေကြောင်းအန္တရာယ်ကိုပါ ကြောက်နေရတယ်” ဟု ဂွဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ ဂွဒေသခံအများစုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် သောင်းနှင့်ချီ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။
AA ထိုးစစ်မှာ ဂွမြို့နှင့်နီးကပ်လာပြီး စစ်ကောင်စီဘက်ကလည်း ဂွမြို့အခြေ စိုက် ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းများတွင် အင်အားဖြည့်တင်းကာ ခံစစ်အခိုင်အမာပြင် ဆင်ထားသည်။