ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား တရားမျှတမှုရရှိရန် လူငယ်များတောင်းဆို

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများ၏ အမှန်တရားထုတ်ဖော်ပြောဆိုခွင့်နေ့ အထိမ်းအမှတ်အဖြစ် စစ်တွေ၊ ပွိုင့်ကမ်းခြေတွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)မှ ဦးဆောင်ပြီး တရားမျှတမှုရရှိရန် ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။

24 Mar 2022

DMG ၊ မတ် ၂၄

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများ၏ အမှန်တရားထုတ်ဖော်ပြောဆိုခွင့်နေ့ အထိမ်းအမှတ်အဖြစ် စစ်တွေ၊ ပွိုင့်ကမ်းခြေတွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)မှ ဦးဆောင်ပြီး တရားမျှတမှုရရှိရန် ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သံသယဖြင့်နှစ်နှစ်ကျော်အကြာ ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများအပါအဝင် ဖမ်းဆီးခံထားရသူမှာ လက်ရှိအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်ကြောင်း ရခိုင်အမျိုး သမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“သူတို့(ကျောက်ဆိပ်ကလူငယ်တွေ) ဒီကနေ့ထိမလွတ်နိုင်ဘူး ဆိုတာကတော့ အင်မတန်ကို စိတ်မကောင်းစရာပေါ့နော်။ ကလေးတွေကလည်း ချုပ်နှောင်ခံရတာများလာတော့ လူသားတွေ အနေနဲ့က စိတ်ဖိစီးမှုဒဏ်တွေ အများကြီးခံစားနေရတယ်။ အပြစ်မဲ့တဲ့သူတွေကို အဲလိုနှစ်နှစ်ကျော် သုံးနှစ်နီးပါး ချုပ်နှောင်ထားတာကကျတော့ ဒါဟာကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ကျမအနေနဲ့မြင်ပါတယ်”ဟု ၎င်းကပြောသည်။

ယနေ့ပြုလုပ်ခဲ့ကြသည့် အမှန်တရားထုတ်ဖော်ကမ်ပိန်းတွင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များ ၃၀ ကျော်ခန့်ပါဝင်ခဲ့ပြီး “အပြည်ပြည်ဆိုင်ရာ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ အမှန်တရားထုတ်ဖော်ပြောဆိုခွင့်နေ့၊ တရားမျှတမှုရရှိဖို့ အမှန်တရားထုတ်ဖော်ပြောကြစို့”ဆိုသည့် စာတမ်းပါအင်္ကျီများကို တူညီဝတ်ဆင်ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ထိုကမ်ပိန်းတွင်ပါဝင်ခဲ့သည့် မနုနုလွင်က “ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မရတဲ့အတွက် ဒီကမ်ပိန်းမှာ တခြားအဖွဲ့တွေနဲ့နည်းတူ ပါဝင်ရတာဖြစ်တယ်။ AA နဲ့ပတ်သက်ပြီး မတရားဖမ်းဆီးထားတဲ့သူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးစေချင်တယ်”ဟု DMG ကိုပြောသည်။

အလားတူ မြန်မာနိုင်ငံအပါအဝင် ရခိုင်ပြည်နယ်တွင် ဥပဒေနှင့် မညီပဲ မတရားဖမ်းဆီးခံနေရကာ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတို့ရှိနေသည့်အတွက် ကမ်ပိန်းတွင်ပါဝင်ရခြင်းဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

“ကျတော်တို့ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးတွေ သိန်းပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးနေရတယ်။ သူတို့လူသားဖြစ်ပြီးတော့ လူသားတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ဒါကြောင့် ကျနော်တို့က လူသားတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုလိုချင်လို့ ဒီမှာလာပြီး ပြသရခြင်းဖြစ်ပါတယ်”ဟု ကိုထွန်းထွန်းကဆိုသည်။

ယင်းအပြင် အာဏာပိုင်များအနေဖြင့် ဥပဒဒေလုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ မြန်မာနိုင်ငံအနှံ့တွင်ပြုလုပ်နေမှုများရှိနေသည်ကို ရှုတ်ချကြောင်းလည်း ယနေ့ကမ်ပိန်းတွင်ပါဝင်သူတို့က ပြောဆိုခဲ့ကြသည်။

ဗီဒီယိုများ