စေတီပြင်ကျေးရွာအတွင်း တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ကာ နေအိမ်အချို့ကိုဖျက်ဆီးခဲ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအတွင်းသို့ ယနေ့(သြဂုတ်လ ၅ ရက်)နံနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ကာ နေအိမ်အချို့ကိုဖျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

06 Aug 2022

တောဆင်ရိုင်း ဝင်ရောက်ဖျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

DMG ၊ သြဂုတ် ၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအတွင်းသို့ ယနေ့(သြဂုတ်လ ၅ ရက်)နံနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ကာ နေအိမ်အချို့ကိုဖျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါတောဆင်ရိုင်းမှာ မယူတောင်တန်းမှ ဆင်းလာခြင်းဖြစ်ကာ စေတီပြင်ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ် ၅ လုံးနှင့် ခြံစည်းရိုးအချို့ ဖျက်ဆီးခဲ့သည်ဟု စေတီပြင်ကျေးရွာမှ ဒေသခံ ကိုအောင်မင်းစိုးကပြောသည်။

"ဆင်က ညတုန်းကတည်းက လာတာနဲ့တူတယ်။ မနက်ပိုင်းကျမှ ရွာအနားကိုရောက်တာ။ စဝင်တာနဲ့ ရွာအစကနေအိမ်တစ်လုံးကို စပြီးဖျက်ဆီးတယ်။ ရွာသားတွေ ဝိုင်းပြီးလိုက်ထုတ်တော့ ပြေးရင်းနဲ့ နောက်ထပ်အိမ်တွေကိုပါ ဖျက်ဆီးသွားတယ်။ လူတွေကတော့ ထိခိုက်တာမရှိဘူး"ဟု ၎င်းကဆိုသည်။

တောဆင်ရိုင်းကြောင့် နေအိမ်ပျက်စီးသွားသူများမှာ ဦးမောင်ခင်ဝင်းနေအိမ်၊ ဦးစိုးထွန်းကျော်နေအိမ်၊ ဦးစိုးလှသန်းနေအိမ်၊ ဦးအောင်လင်းနေအိမ်နှင့် ဦးဦးသာကျော်နေအိမ်တို့ဖြစ်ကြသည်။

နေအိမ်အနောက်ဖက်ခြမ်းပျက်စီးသွားသည့် စေတီပြင်ကျေးရွာမှဦးခင်မောင်ဝင်းက "ဦးလေးတို့အိမ်က ရွာအစကကျတော့ ဝင်ရောက်ချင်းပဲ ဖျက်စီးခံလိုက်ရတယ်ဆိုတော့ တော်တော်ပျက်စီးသွားတယ်။ ပျက်စီးမှုတန်ဖိုးကတော့ ခန်းမှန်းခြေ သိန်း ၄၀ ဖိုးလောက်တော့ရှိမယ်။ ဈေးဆိုင်ရောင်းတဲပစ္စည်းတွေကအစ ဖျက်ဆီးခံလိုက်ရတာ"ဟု ပြောသည်။

လက်ရှိတောဆင်ရိုင်းမှာ ရွာသူရွာသားများ ဝိုင်းဝန်းနှင်ထုတ်ခြင်းကြောင့် ထွက်သွားပြီဖြစ်သည်။ စေတီပြင်ကျေးရွာသို့ တောဆင်ရိုင်းဝင်ရောက်ခြင်းမရှိသည်မှာ ဆယ်စုနှစ်တစ်ခုရှိနေပြီဖြစ်ပြီး ယခုတောဆင်ရိုင်းမှာ အုပ်စုကွဲ၍ လမ်းမှားဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက မောင်တောမြို့နယ်နှင့် ဂွမြို့နယ်တို့တွင်လည်း တောဆင်ရိုင်းဝင်ရောက်မှုများကို နေအိမ်နှင့် စိုက်ခင်းများ ဖျက်ဆီးခံရမှုကို မကြာခဏကြုံတွေ့ရတတ်သည်။

ဂွမြို့နယ် ဘဝင်ကျေးရွာအုပ်စုနှင့် ရွှေတွင်းတူးကျေးရွာတို့တွင် ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်များက တောဆင်ရိုင်းဝင်ရောက်မှုကြောင့် စိုက်ခင်းများ၊ စပါးခင်းများနှင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။

ဗီဒီယိုများ