ရခိုင်တွင် ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်ကို AA မှ တစ်လခန့်ပိတ်ပင် 

အခြေခံပညာ အတန်းတင်စာမေးပွဲများ နီးကပ်နေပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်း စာစစ်ဌာနများရှိသည့် နေရာများတွင် ဆူပူမှုမရှိစေရန်ဟုဆိုကာ AA တာဝန်ရှိသူများက စာနှင့်အကြောင်းကြားလာခြင်းဖြစ်သည်။

By Admin 13 Feb 2023

ရခိုင်တွင် ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်ကို AA မှ တစ်လခန့်ပိတ်ပင် 

DMG ၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်အတွင်း ဇာတ်သဘင်များ ကပြဖျော်ဖြေခြင်းကို ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ တက္ကသိုလ်ဝင်တန်း အတန်းတင်စာမေးပွဲပြီးဆုံးသည့် မတ်လ ၁၈ ရက်နေ့အထိ ရပ်နားထားရန် ရက္ခိုင့်တပ်တော်(AA) မှ အကြောင်းလာသည်ဟု ဇာတ်သဘင် တာဝန်ရှိသူများထံမှ သိရသည်။ 

အခြေခံပညာ အတန်းတင်စာမေးပွဲများ နီးကပ်နေပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်း စာစစ်ဌာနများရှိသည့် နေရာများတွင် ဆူပူမှုမရှိစေရန်ဟုဆိုကာ AA တာဝန်ရှိသူများက စာနှင့်အကြောင်းကြားလာခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်၊ ဇာတ်သဘင်အစည်းအရုံးထံမှ သိရသည်။ 

“AA နယ်မြေမှူးတွေဆီက အကြောင်းကြားလာတာပါ။ မူလတန်း၊အလယ်တန်းကလေးတွေ စာမေးပွဲဖြေရတော့မယ်။ အဲဒီကလေးတွေ စာမေးပွဲဖြေတဲ့နေရာတွေမှာ ဇာတ်မကရဘူးလို့ ပြောတယ်။ ကျနော်တို့သိရတာကတော့ တစ်ပတ်ကျော်လောက်ရှိပြီ။ ဆယ်တန်းစာမေးပွဲ ပြီးတဲ့အထိဆိုရင်တော့ တစ်လလောက် နားလိုက်ရမယ့်အနေထားရှိတယ်” ဟု ရခိုင်ပြည်နယ် ဇာတ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းအေးကပြောသည်။ 

လက်ရှိတွင် ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်ကို AA က ပိတ်ပင်ထားသည့်အတွက် ကပြဖျော်ဖြေရန် သွားရောက်ရမည့် ဇာတ်ပွဲ ၁၀ ပွဲခန့်ကို ရပ်နားလိုက်ရသည်ဟု “ဟိန်းရတနာအောင်” အဆင့်မြင့်ဇာတ်သဘင်မှ တာဝန်ခံ ကိုမိုက်ခဲက ပြောသည်။

“ဒီလို ပွင့်လင်းရာသီမှာ လနဲ့ချီပြီးရပ်နားလိုက်ရတော့ ဘယ်အချိန်မှာ သွားပြီး ကပြဖျော်ဖြေရတော့မှာလဲ။ ကျနော်တို့မှာ လက်ခံထားတဲ့ ဇာတ်ပွဲ ၁၀ ပွဲလောက် ရပ်နားလိုက်ရပါတယ်။ စာမေးပွဲပြီးမှ ထပ်ပြီးတော့ လက်ခံရမယ်ပေါ့။ အခုလို ရပ်နားလိုက်ရတော့ ဇာတ်လည်းမကရသလို တခြား ဒီဇာတ်ထဲကငှားထားတဲ့ သူတွေကိုလည်း လစာပေးဖို့ အခက်အခဲရှိသွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ဇာတ်သဘင်များကပြခွင့်ကို AA က ပိတ်ပင်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူနိုင်ရန် ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။ 

ရခိုင်ပြည်တွင် အဆင့်မြင့်ဇာတ်သဘင် အဖွဲ့အစည်း (၁၁) ဖွဲ့ရှိပြီး သဘင်လောကကို အဓိက မှီခိုပြီး လုပ်ကိုင်နေသူ ထောင်နှင့်ချီရှိသည်ဟု ရခိုင်ပြည်နယ်ဇာတ်သဘင်အဖွဲ့အစည်းထံမှ သိရသည်။ ဇာတ်သဘင်များမှာ ပွင့်လင်းရာသီ အောက်တိုဘာလမှ ဧပြီလအထိ ဇာတ်ကပြဖျော်ဖြေခြင်းများကို အဓိက လုပ်ကိုင်ရခြင်းဖြစ်သည်။ 

လက်ရှိတွင် ဇာတ်ကပြဖျော်ဖြေခွင့်ကို AA မှ တစ်လခန့်ပိတ်ပင်ထားသော်လည်း သဘင်အဖွဲ့သားများအနေဖြင့် ကျေးလက်ဒေသများတွင် ကပြခွင့်ရရှိရန်အတွက် AA ထံသို့ အသနားခံစာတင်ပြရန် ပြင်ဆင်နေသည်ဟု “ရတနာလင်း” အဆင့်မြင့် ဇာတ်သဘင်မှ ဒါရိုက်တာ ဦးခိုင်ထူးအောင်က ပြောသည်။

“ကျနော်တို့ရဲ့ အခက်အခဲတွေကို တင်ပြမယ်။ စာစစ်ဌာနမရှိတဲ့ နေရာတွေမှာ ကပြခွင့်ရအောင်ပေါ့။ အဓိကတော့ ကျနော်တို့ တစ်လလုံးနားလိုက်လို့ရှိရင် ဇာတ်အဖွဲ့အစည်းတွေကို ရပ်နားလိုက်ရမယ့် အနေထားထိ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့လည်း အများကြီး နစ်နာမှုမရှိရအောင် အသနားခံစာ တင်တောင်းမယ့် သဘောပါ။ အခုတော့ ကျနော်တို့ ဇာတ်ဆရာတိုင်း လက်မှတ်ထိုးပြီးတော့ AA ဆီကို တင်ပြဖို့ပြင်နေပါတယ်” ဟု ၎င်းက  ဆိုသည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီအထိ မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့်  ဇာတ်သဘင်များမှာ ကာလရှည်ကြာ ရပ်နားခဲ့ရပြီး ဇာတ်သဘင်အချို့မှာလည်း ဖျက်သိမ်းလိုက်ရသည်အထိ ရှိခဲ့သည်ဟု ပြည်နယ်ဇာတ်သဘင်အဖွဲ့အစည်းမှ သိရသည်။

#R010 

ဗီဒီယိုများ