စစ်ရေးတင်းမာနေသည့် မောင်တောတွင် စစ်ကောင်စီအင်အား ၉၀၀၀ နှင့် ၁၀၀၀၀ ကြားရှိနေဟု ULA/AA က ခန့်မှန်း

လက်ရှိ စစ်ရေးတင်းမာမှုမြင့်တက်နေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၉၀၀၀ နှင့် ၁၀၀၀၀ အကြားထိရှိနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကယနေ့ (စက်တင်ဘာလ ၁၉ ရက်နေ့)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

19 Sep 2022

မြန်မာစစ်တပ်မှ စစ်ရေးပြနေသည်ကိုတွေ့ရစဉ်။


DMG ၊ စက်တင်ဘာ ၁၉

လက်ရှိ စစ်ရေးတင်းမာမှုမြင့်တက်နေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၉၀၀၀ နှင့် ၁၀၀၀၀ အကြားထိရှိနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကယနေ့ (စက်တင်ဘာလ ၁၉ ရက်နေ့)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

လက်ရှိတွင် မောင်တောဒေသ၌ အပြန်အလှန် အားပြိုင်မှုများရှိနေပြီး နှစ်ဘက်လုံးမှ အင်အားအများအပြားချထားကာ ဆိုင်ထားသည့်အနေအထားတွင်ရှိနေကြောင်း ၎င်းကပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် မောင်တောနှင့် ဘူးသီးတောင်ဒေသတွင် တပ်အင်အားများကို ပိုမိုတိုးချဲ့ချထားလာနေပြီး နယ်ခြားစောင့်တပ်အင်အား ၆၀၀၀ ကျော်ခန့်၊ စကခ(၁၅) လက်အောက်ခံ တပ်ရင်း ၁၀ ခု၊ ထပ်တိုးအနေဖြင့် တပ်မ ၇၇ နှင့် အခြားတပ်မများမှ ထုတ်နှုတ်အင်အားများရောက်ရှိနေပြီး အင်အား ၉၀၀၀ နှင့် ၁၀၀၀၀ အကြားတွင်ရှိနေကြောင်း ဦးခိုင်သုခကပြောသည်။

“မောင်တောမြို့နယ်ထဲမှာ ဟိုဘက်ဒီဘက် တပ်ချဆိုင်ထားတာတွေကတော့ တော်တော်လေးများပါတယ်။ ရန်သူတပ်တွေရှိတဲ့နေရာမှာ ကျွန်တော်တို့တပ်တွေကိုလည်း အများကြီးချထားရပါတယ်။ အဲဒီနေရာကို ထိန်းချုပ်နိုင်ဖို့အတွက် အပြန်အလှန်အားပြိုင်နေကြတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဘယ်နေရာကိုလှည့်လှည့် နေရာတိုင်းအချိန်တိုင်းမှာ တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ရခိုင်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် တိုက်ပွဲနှင့်လွတ်ရာကို ရှောင်တိမ်းကြရန်နှင့် လက်နက်ကြီးအန္တရာယ်ကိုလည်း ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သြဂုတ်လ ၃၁ ရက်နေ့တွင် အပြီးသတ်သိမ်းယူခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် ကြိမ်ချောင်းဗျူဟာအနီးရှိ မယူတောင်မှ ခမရ(၃၅၂)တပ်ရင်း၏ အထိုင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်စခန်းအများအပြားကို ပိတ်ဆို့ဝန်းရံထားကြောင်းနှင့် စစ်ကောင်စီဘက်မှလည်း ရဟတ်ယာဉ်များ အမြောက်များပစ်ကူကာ တိုက်ခိုက်လျှက်ရှိကြောင်း ULA/AA က အသိပေးထားသည်။

ရက္ခိုင့်တပ်တော်(AA)ဘက်မှ ထိုသို့ပိတ်ဆို့မှုများရှိသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကုန်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ထားသည့်အတွက် မောင်တောဒေသရှိ ဒေသခံပြည်သူများမှာ အခက်အခဲများစွာဖြင့်ကြုံတွေ့နေရကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်အုန်းကဆိုသည်။

“နှစ်ဘက်လုံးက ထိပ်တိုက်ဆိုင်ပြီး စစ်ရေးတင်းမာနေတာတော့အမှန်ပါပဲ။ ဒါပေမယ့် သွားလာခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတော့ ပြည်သူတွေမှာ စားဝတ်နေရေးတွေ အများကြီးအခက်ခဲဖြစ်ကြရတယ်။ နောက်ပြီး စစ်ဘေးရှောင်တွေကလည်း ထပ်တိုးလာနေတော့ အကူအညီတွေ အများကြီးလိုအပ်နေကြပါတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် စစ်ကောင်စီတာဝန်ရှိသူများအနေဖြင့် ပြည်သူများ လွတ်လပ်စွာသွားလာနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်အတွင်းက မြို့နယ်တစ်ချို့နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာခြင်းများရှိနေပြီး စစ်ဘေးရှောင်နေရသူအရေအတွက်မှာလည်း တိုးလာနေသည်။

ဗီဒီယိုများ