- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
လက်နက်ကိုင်ပဋိပက္ခများကြောင့် (၆)လတာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၀၀ ကျော် အထိရှိ
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆)လတာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၄၆ မှုအထိရှိခဲ့ကြောင်း စောင့်ကြည့်လေ့လာနေကြသောအဖွဲ့အစည်း ၁၃ ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။
17 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၁၇ ၊ စစ်တွေ
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆)လတာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၄၆ မှုအထိရှိခဲ့ကြောင်း စောင့်ကြည့်လေ့လာနေကြသောအဖွဲ့အစည်း ၁၃ ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုတို့မှာ ရခိုင်၊ ချင်း၊ မွန်၊ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)၊ ချင်းလူ့အခွင့်အရေး(CHRO) စသည့်ဖြင့် အဖွဲ့အစည်း ၁၃ မှ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဖြစ်ပွားလာနေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ကင်းလွတ်နေသည်ဟု AASYC မှ အတွင်းရေးမှူး ကိုတိန်ဦးက ပြောသည်။
“လက်နက်ကိုင်တိုက်ပွဲကြားထဲမှာ ဓါးစာခံဖြစ်နေတာတွေရှိတယ်။ သာမန်အရပ်သားတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ဆက်စပ်တယ်ဆိုပြီးတော့ မတရားဖမ်းဆီး ညှင်းပင်းနှိပ်စက်တာတွေရှိတယ်။ ထိန်းသိမ်း ထားတဲ့အချိန်မှာပဲ သေဆုံးသွားတာတွေလည်းရှိတယ်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အရပ်သား ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ့ရတယ်” ဟု ကိုတိန်ဦးက ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထိခိုက်နစ်နာသူ ၁၀၄၇ ဦးရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှဇွန်လအထိ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၈၆ မှုရှိပြီး သေဆုံးသူ ၁၂၀ ဦးထိရှိခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းများမှ သိရသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများအများအပြားဖြစ်ပွားခဲ့ပြီး ကရင်၊ မွန်နှင့် ကချင်ပြည်နယ်တို့တွင်လည်း အကြာခဏထိတွေ့ တိုက်ပွဲ များဖြစ်ပွားမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ်ရှိပြည်သူများမှာ တိုက်ပွဲဒဏ်ကိုအများအပြားကြုံတွေ့နေကြ ရပြီး သတ်ဖြတ်ခံခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အတင်းအဓမ္မပြောင်းရွှေ့ခံရခြင်းနှင့် ညှင်းပမ်း နှိပ်စက်မှုတို့ကိုခံနေကြရကြောင်း အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ကဆိုသည်။
“မြန်မာတပ်မတော်က အဓိကအားဖြင့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လူ့အခွင့်အရေးကျူးလွန်မှုတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုတယ်။ တိုက်ပွဲ ကာလမှာ နိုင်ငံတကာဥပဒေတွေ၊ ဂျီနီဗာကွန်ဗင်းရှင်းတွေကိုလိုက်နာဖို့လိုတယ်” ဟု ကိုတိန်ဦးကဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး အမှန်တကယ်ထိခိုက်နစ်နာသည့် မိသားစုဝင်များရှိလျှင် တပ်မတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သူများကိုအပြစ်ပေးအရေးယူလျက်ရှိကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
“တကယ်ထိခိုက်နစ်နာနေတဲ့မိသားစုတွေဆိုရင် ကျွန်တော်တို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူ အပြစ်ပေးတာမျိုးရှိတယ်။ နံပါတ်၂ အချက်ကတော့ တိုင်းစစ်ဌာနချုပ်အလိုက်မှာ လျစ်လျူရှုထားတာမျိုး မရှိဘူး။ တကယ်ထိခိုက်နစ်နာနေတဲ့သူတွေဆိုရင် တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေမှာရှိတဲ့ တာဝန်ရှိသူတွေက သွားတွေ့တာတွေရှိတယ်။ အားပေးကူညီတာမျိုးတွေရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆန့်ကျင့်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည် ကျောင်းများသမဂ္ဂမှကျောင်းသား ၃ ဦးအပါအဝင် တစ်နိုင်ငံမှကျောင်းသား ၂၀ ဦးအား အစိုးရက ပုဒ်မ အသီးသီးတပ်ပြီး အမှုဖွင့်လှစ်ထားသည်။