- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ရခိုင်မှပြေးဆွဲနေသည့် အဝေးပြေးယာဉ်စီးခများ ဈေးမြင့်တက်နေ
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေဆဲဖြစ်သဖြင့် ရခိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များသို့ ပြေးဆွဲနေကြသည့် အဝေးပြေးယာဉ်လိုင်းတို့မှာ ဈေးနှုန်းမှာ မြင့်တက်လာနေကြောင်း သတင်းရရှိသည်။
12 May 2022
DMG ၊ မေ ၁၂
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေဆဲဖြစ်သဖြင့် ရခိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များသို့ ပြေးဆွဲနေကြသည့် အဝေးပြေးယာဉ်လိုင်းတို့မှာ ဈေးနှုန်းမှာ မြင့်တက်လာနေကြောင်း သတင်းရရှိသည်။
စစ်တွေမြို့မှ ရန်ကုန်နှင့် မန္တလေး စသည့်မြို့များသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများမှာ ယခင်မတ်လတွင် ခရီးသည်တစ်ဦးကို ငွေကျပ်(၃၀၀၀၀)ဈေးနှုန်းရှိရာကနေ ယခုအခါတွင် စက်သုံးဆီးဈေးနှုန်း မြင့်တက်မှုကြောင့် (၄၀၀၀)ကျပ်စီ တိုးမြှင့်ကောက်ခံနေရကြောင်း စစ်တွေအဝေးပြေးကားဂိတ် တာဝန်ရှိသူတို့ထံမှ သိရသည်။
“ဆီဈေးနှုန်းကြောင့် အဓိကဈေးတက်သွားတာ။ တစ်ချို့အုံနာသမားတွေဆိုရင် ဒီလောက်ဆီဈေးနဲ့ မဆွဲနိုင်ကြတော့ဘူး။ ရှုံးတယ်လေ။ အခုဆိုရင် ရန်ကုန်ကအလာဆိုရင်လည်း လူကပါးသွားပြီ။ ရန်ကုန်မှာလည်း ကားတွေပုံနေတယ်”ဟု စစ်တွေ ကြံတိုင်းအောင်ကားဂိတ်မှ ဂိတ်မှူး ဦးထွန်းတင်ကပြောသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး စသည့်မြို့များသို့သွားသည့်ယာဉ်လိုင်းများမှာ ယခင်မတ်လက ရိုးရိုးတန်း လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၃၀၀၀၀ ရှိခဲ့ရာမှ ယခုအခါ ၄၀၀၀၀ ကျပ်အထိဈေးမြင့်တက်သွားခဲ့ကာ အထူးတန်းလက်မှတ်တစ်စောင်လျှင် ယခုငွေကျပ် ၅၀၀၀၀ အထိဈေးရှိကြောင်း ယာဉ်လိုင်းများမှသိရသည်။
စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်မှုကြောင့် အဝေးပြေးယာဉ်လိုင်းပိုင်ရှင်များမှာလည်း ထိခိုက်မှုများ ရှိနေပြီး ခရီးသည်လိုက်ပါမှုနည်းပါးလာသည့်အတွက် အဆင်မပြေမှုများရှိနေကြောင်းဆိုသည်။
“ရေရှည်မှာတော့ မကောင်းဘူးပေါ့။ ဆီဈေးတက်ရင်လည်းတက်၊ ကျရင်လည်းကျ ငြိမ်နေဖို့လိုတယ်။ ဆီဈေးတက်လိုက်ကျလိုက်ဆိုရင် လုပ်ကိုင်စားသောက်ရတာခက်တယ်။ ဆီဈေးငြိမ်မှ ဈေးနှုန်းတစ်ခုကို ပုံသေသတ်မှတ်ပြီး အလုပ်လုပ်လို့ရမှာ”ဟု ကေသီဦးကားဂိတ်မှ ယာဉ်မောင်းတစ်ဦးကပြောသည်။
စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်း (၁၁)ခုနှင့် စစ်တွေ-မန္တလေးပြေးဆွဲနေသည့် ယာဉ်လိုင်း (၆)ခုရှိပြီး အခြားသော ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများလည်းရှိသည်။
လက်ရှိတွင် ကားခဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်မဘက်သို့သွားသည့် ရခိုင်မှ ခရီးသည်တို့မှာလည်း အဆင်မပြေမှုများနှင့် ကြုံတွေ့လာရကြောင်းပြောသည်။
“အရင်သွားတုန်းက ဈေးအဲလောက်မရှိဘူးလေ။ အခုဆိုရင် ကားခဈေးတက်သွားလို့ လမ်းမှာစားဖို့သောက်ဖို့ကို တွက်ချက်နေရတယ်။ လမ်းမှာလည်း အစစ်ဆေးရှိတယ်ဆိုတော့ ဟိုနားဒီနားဆင်းလိုက်တက်လိုက်နဲ့ အချိန်ကြန့်ကြာတယ်”ဟု စစ်တွေမှ ရန်ကုန်သို့ အဝေးပြေးယာဉ်လိုင်းဖြင့် သွားရောက်ခဲ့သည့် ကိုဘာဘူလေးကပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ဧပြီလမှစတင်ကာ စက်သုံးဆီဈေးနှုန်းများ ပြတ်တောက်မည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကာ စက်သုံးဆီဈေးများမှာလည်း တစ်လီတာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ ဆီဈေးကျဆင်းခြင်းမရှိသေးပေ။