တပ်ပိုင်မြေဟုဆိုကာ သံတွဲမှ နေအိမ်(၇၀)ခန့်ကို မြန်မာစစ်တပ်က ဖယ်ရှား

တပ်ပိုင်မြေဟု အကြောင်းပြချက်ဖြင့် သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာရှိ နေအိမ်(၇၀)ခန့်ကို ယနေ့(စက်တင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။

28 Sep 2022

ဂျိုင်သာကျေးရွာကို တွေ့ရစဉ်

DMG ၊ စက်တင်ဘာ ၂၈

တပ်ပိုင်မြေဟု အကြောင်းပြချက်ဖြင့် သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာရှိ နေအိမ်(၇၀)ခန့်ကို ယနေ့(စက်တင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။

သံတွဲမြို့နှင့် ၂၇ မိုင်ခန့်အကွာ အဆိုပါရွာရှိ နေအိမ်များကို မြန်မာစစ်တပ်အပါအဝင် ဌာနဆိုင်ရာပေါင်းစုံမှ လာရောက်ဖယ်ရှားခဲ့ခြင်းဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုလေးက DMG သို့ပြောဆိုသည်။

“ဒီနေ့မနက်က စပြီးတော့ စစ်တပ်အပါအဝင် ဌာနဆိုင်ရာတွေ အားလုံးပူးပေါင်းပြီးတော့ ဖြိုဖျက်ကြတာဖြစ်ပါတယ်။ အခုဖြိုဖျက်လို့ အိမ်ခြေ ၄၀ လောက်တော့ပြီးသွားပြီ"ဟု သူကဆိုသည်။

အဆိုပါနေအိမ်များကို ဖယ်ရှားပေးရန် မြန်မာစစ်တပ်က သုံးကြိမ်တိုင် ဖိအားပေးခဲ့ပြီးနောက် ယခုအခါ ဌာနဆိုင်ရာပေါင်းစုံဖြင့် လာရောက်ဖယ်ရှားလာခြင်းဖြစ်သည်။

ယခင်ဖယ်ရှားခိုင်းစဉ်က မိုးရာသီအကုန်တွင် ဖြိုဖျက်ပေးမည်ဟု ကျေးရွာများကပြောဆိုထားသော်လည်း စစ်တပ်က လက်မခံဘဲဖြိုဖျက်ခိုင်းသဖြင့် လက်ရှိတွင် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု ကျေးရွာသားများကဆိုသည်။

"အခု မိုးရာသီလည်း မကုန်သေးဘူး။ ပြောင်းသွားပြီးတော့ မိုးရွာရင် ပါလာတဲ့ပစ္စည်းတွေကလည်း ထားစရာနေရာမရှိ။ လတ်တလော အဆောက်အဦကလည်း မရှိ။ ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေ နေထိုင်ရေးအတွက်ဆို ဘယ်လိုလုပ်ရမလဲတောင် တွေးမရဘူး။ သူတို့ကို ကျနော်တို့ တောင်းဆိုထားတယ်၊ မိုးရာသီကုန်မှ ပြောင်းရွှေ့ပေးမယ်လို့။ အဲဒါကို လက်မခံဘဲ အခုချက်ချင်း လာပြောင်းခိုင်းတာ မတရားဘူး"ဟု နေအိမ်ပြောင်းရွှေ့ခံရသူတစ်ဦးက ပြောသည်။

၎င်းတို့ကို ဂျိုင်သာရွာနှင့် ၂ မိုင်ခန့်အကွာရှိ သစ်ကောက်ရွာအနီးတွင် အစားထိုးမြေပေးမည်ဖြစ်သည်။ သို့သော်လည်း နေအိမ်ပျက်စီးသွားမှုများအပေါ် တစ်စုံတစ်ရာ လျှော်ကြေးမပေးသဖြင့် ဒေသခံများက မကျေနပ်ကြပေ။ လက်ရှိတွင် အချို့ဒေသခံများမှာ သစ်ကောက်ရွာအနီးသို့ ပြောင်းရွှေ့သူများရှိသကဲ့သို့ တစ်ချို့မှာ နီးစပ်ရာရွာများရှိ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့သွားကြသူများလည်းရှိသည်။

"ကျနော်တို့ နေအိမ်ကို ဖြိုဖျက်ပေးရတယ်ဆိုပေမဲ့ ဘာထောက်ပံ့ငွေမှ ပေးတာမရှိဘူး။ အခုသူတို့က မြေနေရာပေးတယ် ဆိုပေမဲ့ အဲဒီမြေပေါ်မှာနေထိုင်ဖို့ လုံခြုံတဲ့အိမ်ဆောက်ဖို့ ငွေလိုတယ်။ အခု ဘာမဆိုဈေးကြီးနေတဲ့ ခေတ်ကြီးမှာ နေထိုင်ဖို့၊ အိမ်ပြန်ဆောက်ဖို့က မလွယ်ဘူး။ အစိုးရအနေနဲ့ ပြည်သူကို စာနာပေးစေချင်တယ်။ ကူညီပေးစေချင်တယ်"ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ဂျိုင်သာကျေးရွာတွင် နေထိုင်သူအများစုမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ဒေသခံများဖြစ်ကြပြီး လက်လုပ်လက်စား ပြည်သူများဖြစ်ကြသည်။

ဂျိုင်သာကျေးရွာကို ၁၉၇၆ ခုနှစ်က တောတောင်များအား ရှင်းလင်းကာ နေအိမ်ဆောက်လုပ်နေလာခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၁၉၉၆ ခုနှစ်အရောက်တွင် ရေတပ်ပိုင်မြေအဖြစ် သတ်မှတ်ခံရကာ ကျေးရွာအတွင်းနေထိုင်သူများမှာလည်း တစ်အိမ်လျှင်ငွေကျပ် ၅၀၀ စီဖြင့် တစ်နှစ်စာအခွန်ဆောင်၍ နေထိုင်ခဲ့ကြရကြောင်း သိရသည်။

ဗီဒီယိုများ