AA ပြောခွင့်ရသူ ဦးခိုင်သုခ၏ ညီဖြစ်သူကို မြန်မာစစ်တပ်က လိုက်ရှာနေ

ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခ ညီအရင်းဖြစ်သူ ဦးမောင်ခင်ဝင်းကို မြန်မာစစ်တပ်ကလိုက်ရှာနေပြီး အမ်းမြို့နယ်၊ ကျွဲကူးတောင်ကျေးရွာမှ နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

09 Sep 2022


DMG ၊ စက်တင်ဘာ ၉

ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခ ညီအရင်းဖြစ်သူ ဦးမောင်ခင်ဝင်းကို မြန်မာစစ်တပ်ကလိုက်ရှာနေပြီး အမ်းမြို့နယ်၊ ကျွဲကူးတောင်ကျေးရွာမှ နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၇ ရက်နေ့က ဦးမောင်ခင်ဝင်း၏ နေအိမ်သို့ အင်အား ၂၀ ကျော်ခန့်ရှိသည့် မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ ဝင်ရောက်လာကာ ရှာဖွေခဲ့ပြီး နေအိမ်မှ သေတ္တာများကိုထုခွဲကာ စာရွက်စာတမ်းများကိုယူဆောင်သွားခဲ့ကြာင်း ကျွဲကူးတောင်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောသည်။

“အဲဒီနေ့က ရွာကို သူတို့(စစ်သား)တွေဝင်လာပြီးတော့ ရွာမှာ တစ်ညအိပ်တယ်။ နောက်ပြီးတော့ မိုးလင်းတာနဲ့ ကိုမောင်ခင်းဝင်းအိမ်ကို ဝင်ပြီးတော့ အိမ်တွေကိုမွှေနှောက်တာတွေရှိတယ်။ အိမ်ထဲမှာရှိတဲ့ သေတ္တာတွေကိုဖွင့်ပြီးတော့ စာရွက်စာတမ်းတွေကိုယူသွားတယ်”ဟု ၎င်းကျေးရွာသားက DMG ကိုပြောသည်။

ဦးမောင်ခင်ဝင်းကို ULA တွင် မြို့နယ်စည်းရုံးရေးတာဝန်ယူထားသည်ဟုဆိုကာ မြန်မာစစ်တပ်က ရှာဖွေနေခြင်းဖြစ်ပြီး ၎င်းမှာ ယင်းနေ့က ကျေးရွာတွင်မရှိသည့်အတွက် မြန်မာစစ်တပ်က နေအိမ်ကိုချိတ်ပိတ်ထားခဲ့ကာ ရွာသူ၊ရွာသားများကိုလည်း ထိုအိမ်သို့ မဝင်ရန်ပြောခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့က ကျွဲကူးတောင်ကျေးရွာအနီးရှိ တလိုင်းတောင်ရွာနှင့် မြေနီကျေးရွာအကြားတွင် မြန်မာစစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရသည့်အတွက် မသင်္ကာ၍လိုက်ရှာခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

မြန်မာစစ်တပ်က ကိုမောင်ခင်ဝင်းနေအိမ်ကို စစ်ဆေးပြီးနောက် ကျွဲကူးတောင်အုပ်ချုပ်ရေးမှူး၊ တန်းတင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညောင်ချောင်းကျေးရွာမှ ဦးဦးဝင်အောင်တို့ကို ခေါ်ဆောင်သွားပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ မြန်မာစစ်တပ်ခေါ်ယူသွားခြင်းနှင့်ပတ်သက်ပြီး ကျွဲကူးတောင်အုပ်ချုပ်ရေးမှူးကို DMG က ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။

တလိုင်းကျေးရွာသားတစ်ဦးက “အဲဒီနေ့ ကျနော်တို့ရွာနဲ့ မြေနီရွာကြားမှာ သူတို့ကားတစ်စီး မိုင်းဆွဲခံရတယ်။ အဲဒီအတွက် ရွာတွေကိုဝင်ရောက်ပြီးတော့ အိမ်ထောင်စုစာရင်းတွေ စစ်တယ်”ဟု ပြောသည်။

ထိုသို့ ဦးခိုင်သုခ၏ ညီကို မြန်မာစစ်တပ်က ရှာဖွေနေသည့်ဆိုသည့် ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လကလည်း အောင်သပြေ (ခေါ်) ဓာတ်တော်ကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံမှုနှင့်ပတ်သက်ပြီး ဦးခိုင်သုခ၏ ယောက်ဖ ဦးမောင်ဖြူသန်းနှင့်အတူ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၁(ဂ)တို့ဖြင့် တရားစွဲဆိုခဲ့သော်လည်း သက်သေအထောက်အထားမခိုင်လုံသောကြောင့် စွဲချက်မတင်မီ ပြန်လွတ်လာခဲ့သည်။

ဗီဒီယိုများ