လက်နက်ကိုင်အဖွဲ့နှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးရန်အသင့်ရှိဟု AA ပြော

ရခိုင်အမြိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော်(ULA/AA)ထံတွင် အခြားသော ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးသွားရန်အဆင်သင့်ရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

20 Sep 2022

DMG ၊ စက်တင်ဘာ ၁၉

ရခိုင်အမြိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော်(ULA/AA)ထံတွင် အခြားသော ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးသွားရန်အဆင်သင့်ရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက “အမျိုးသားရေးအတွက် စိတ်ရင်းစေတနာနဲ့ ကျနော်တို့ ULA/AA မှာ တခြားပါတီတွေကသော်လည်းကောင်း၊ အရည်အချင်းရှိတဲ့သူတွေ တိုင်းပြည်အတွက် လက်တွေ့အလုပ်လုပ်လိုတဲ့လူတွေအတွက်ဆိုရင် ကျနော်တို့မှာ နေရာလည်းရှိသလို တာဝန်ပေးသွားဖို့လည်းအဆင်သင့်ရှိတယ်”ဟု ပြောသည်။

သို့သော် တိုင်းပြည်အတွက် အမှန်အကန်အလုပ်လုပ်လိုသည့် ပုဂ္ဂိုလ်များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ညီညွတ်မှုကို ထိခိုက်နိုင်သည့် ဂိုဏ်းဂဏအသွင်မျိုးဖြင့် ပူးပေါင်းလာသူများကို လက်ခံရန်အခက်အခဲရှိသည်ဟု ဦးခိုင်သုခကဆိုသည်။

“ကျနော်တို့နဲ့ ပူးပေါင်းလာမယ့်သူတွေဟာ တစ်ယောက်ချင်းစီ သူတို့ရဲ့အမျိုးသားရေးစေတနာ၊ နိုင်ငံရေးခံယူချက်တွေနဲ့ပတ်သက်ပြီး တခြားအသွေးအရောင်တွေမပါဘဲနဲ့ တိုင်းပြည်အတွက် အမှန်အကန်လုပ်လိုတဲ့ ပုဂ္ဂိုလ်တွေကိုသာ လက်ခံပြီးတော့ အလုပ်လုပ်လို့ရမှာဖြစ်တယ်။ ဂိုဏ်းဂဏတွေကိုအခြေခံထားပြီး ဂိုဏ်းဂဏအသွင်မျိုးနဲ့ လာပြီးပူးပေါင်းတယ်ဆိုရင်တော့ လက်ခံဖို့အခက်အခဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုဂိုဏ်းဂဏတွေနဲ့လာပြီး ကျနော်တို့ဆီမှာပူးပေါင်းတယ်ဆိုရင် ညီညွတ်မှုကို ထိခိုက်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရခိုင်တော်လှန်ရေးတောက်လျှောက်တွင် စည်းလုံးညီညွတ်မှုများမရှိခဲ့ခြင်းကြောင့် တော်လှန်ရေးများ တိုးတက်မှုမရှိသည့်အခြေအနေများ ကြုံတွေ့ခဲ့ရသည်ဟု AA ကဆိုသည်။ထို့ကြောင့် ရခိုင်ပြည်တွင် တပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်လာလျှင် ရက္ခိုင့်တပ်တော်တစ်ခုတည်းသာ ရှိရမည်ဆိုသည့်မူကို လုံးဝလက်တွေ့ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“ရခိုင်ပြည်မှာ ဘာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံရေး၊ လူမျိုးရေး အဲဒီလို နာမည်အသီးသီးအောက်မှာ လက်နက်ကိုင်လာမှာကိုတော့ ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ ကျနော်တို့အနေနဲ့ အသေအချာဆွေးနွေးပြီးတော့ ကိုယ်တို့တိုင်းပြည်ထဲမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဝိဝါဒအမျိုးမျိုးနဲ့ လက်နက်ကိုင်လာတဲ့သူတွေကိုတော့ ရှိခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီလိုရှိလာရင် ဒါဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် တိုင်းပြည်လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အန္တရာယ်ရှိပါတယ်။ ဆိုတော့ ကျနော်တို့ရက္ခိုင့်တပ်တော် တစ်ခုတည်းသာရှိရမယ်ဆိုတာကိုတော့ အခိုင်အမာပြောထားပြီးဖြစ်ပါတယ်”ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များမလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်(ANC/AA)က DMG ကို သြဂုတ်လအတွင်းက ဖြေဆိုထားကြသည်။ အလားတူ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)ကလည်း AA ၏ ပြောဆိုချက်မှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ဆိုထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းနိုင်ရန် နိုင်ငံရေးဂုဏ်သိက္ခာ၊ စစ်ရေးဂုဏ်သိက္ခာရှိရှိဖြင့် ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံရေးအတွေးအခေါ် တူသူများနှင့် အမျိုးသားရေးမူဝါဒတစ်ခုကိုချမှတ်ပြီး ဆွေးနွေးပူးပေါင်းမှုမျိုး လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်၏ ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

“ပူးပေါင်းတယ်ဆိုတာက နိုင်ငံရေးဂုဏ်သိက္ခာရှိရှိ၊ စစ်ရေးဂုဏ်သိက္ခာရှိရှိ ပူးပေါင်းမှုမျိုးကို လုပ်ဆောင်ဖို့လိုတယ်လို့မြင်တယ်။ အခုက ပူးပေါင်းတဲ့နည်းစနစ်မျိုးမဟုတ်ဘဲ ဒီကပါတီတွေ၊တပ်တွေကိုဖျက်ပြီး သူတို့ဆီမှာဝင်ခိုင်းတာနဲ့တူနေတယ်။ သူတို့က ULA/AA သာရှိရမယ်။ ကျန်တဲ့ပါတီ၊ အဖွဲ့အစည်းတွေမရှိရဆိုတာက ပါတီတွေ၊ တပ်တွေကိုဖျက်ခိုင်းပြီး သူတို့ဆီမှာဝင်ခိုင်းတာလို့ အဓိပ္ပါယ်ရောက်တယ်”ဟု သူကဆိုသည်။

ALP နှင့် စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးခြင်းများနှင့်အတူ နီးစပ်မှုရှိနေသည့်အပေါ်တွင်လည်း ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စိုးရိမ်မှုမရှိကြောင်း ယမန်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ကဆိုသည်။

ဗီဒီယိုများ