စစ်ကြောင်းဝင်လာ၍ထွက်ပြေးသည့် မြောက်ဦးဒေသခံများ စစ်ကြောင်းပြန်သွားသော်လည်း ရွာသားအချို့ နေရပ်မပြန်ရဲကြသေး

မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာအတွင်းသို့ ယနေ့(စက်တင်ဘာလ ၂ ရက်) နံနက်ပိုင်းပိုင်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

02 Sep 2022

DMG ၊ စက်တင်ဘာ ၂

မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာအတွင်းသို့ ယနေ့(စက်တင်ဘာလ ၂ ရက်) နံနက်ပိုင်းပိုင်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အင်အား ၆၀ ကျော်ခန့်ရှိသည့် စစ်ကြောင်းသည် ကျေးရွာရှိဘုန်းကြီးကျောင်းဆောင်သစ်တွင် လာရောက်နေထိုင်ကြသဖြင့် ဒေသခံများ ကြောက်လန့်ထွက်ပြေးကြခြင်းဖြစ်သည်။ ဘူးရွက်မညိုးကျေးရွာသားများအပြင် အောက်သကန်၊ ဝေသာလီ၊ ဘုရားကြီး၊ လက္ကာ စသည့်ကျေးရွာများမှ ဒေသခံများထွက်ပြေးကြခြင်းဖြစ်သည်ဟု သိရသည်။

“ရွာမှာ ပြေးလို့မရတဲ့ကလေးတွေကျန်ခဲ့တယ်။ အဘွားကြီးတွေ၊ မိဘတွေကိုစိတ်မချလို့ ကျွန်မတို့လည်းကျန်ခဲ့ရတယ်။ အဖေဆိုရင် အသက် ၇၀ ကျော်နေပြီ။ အမေလည်း ၇၀ ကျော်၊ မထားခဲ့ရက်လို့ပေါ့။ အခုတော့ သူတို့ပြန်လာမလား စိုးရိမ်နေတယ်။ ထမင်းကျက်တာနဲ့ ရွာထဲကဘုန်းကြီးကျောင်းထဲက လူတွေကို သွားပို့မလို့။ ပြီးရင် ကျွန်မတို့လည်း ရှောင်သင့်ရင်ရှောင်ရမှာပေါ့“ဟု ဘူးရွက်မညိုးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် မြန်မာစစ်တပ်စစ်ကြောင်းသည် ဘုရားကြီးရွာဘက်သို့ထွက်ခွာသွားသဖြင့် ဘူးရွက်မညိုး၊ ဘုရားကြီးဒေသခံတို့မှလွဲ၍ ကျန်ရွာသားအချို့မှာ မိမိရပ်ရွာသို့ ပြန်လည်သွားရောက်သူများရှိသည်ဟု သိရသည်။

“အခုလောလောဆယ်တော့ ရွာထဲကို လုံးဝဝင်လို့မရသေးဘူး။ ထမင်းလည်း ချက်မစားရဘူးဖြစ်နေတယ်။ ထမင်းငတ်သလိုဖြစ်နေပါတယ်။ ရေတောင်မသောက်ရဘူး။ အပင်အောက်မှာ ထိုင်နေကြရတယ်။ တခြားကျေးရွာတွေလည်း ရှောင်နေကြတယ်ထင်တယ်။ သေချာတော့မသိရသေးဘူး”ဟု ဘူးရွက်မညိုးကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။  

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ကလည်း လက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ကလေးတစ်ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ရသေ့တောင်၊ မောင်တော၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့မှ ဒေသခံများစွာထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်အခဲရှိနေကြသည်ဟု သိရသည်။

ဗီဒီယိုများ