ရခိုင်တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက INGO/NGO များကို ခရီးသွားလာခွင့်ကန့်သတ်

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဘေးရှောင်များကိုကူညီရာတွင် အဓိကကျသည့် INGO/NGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

16 Sep 2022

မြောက်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ကလေးငယ်နှစ်ဦးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဘေးရှောင်များကိုကူညီရာတွင် အဓိကကျသည့် INGO/NGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့်မြို့နယ်များသို့ ယနေ့(စက်တင်ဘာလ ၁၆ ရက်) နေ့မှစတင်ကာ ခရီးသွားလာခွင့်ပိတ်ပင်ထားသည်ဟု အမည်မဖော်လိုသည့် INGO ဝန်ထမ်းတစ်ဦးက DMG သို့ ပြောသည်။

“ရုံးကတော့ မနေ့ညက ဝန်ထမ်းတွေကို Gmail နဲ့ အကြောင်းကြားပါတယ်။ ကျနော်တို့သိရတာကတော့ သွားလာခွင့်မရတော့ဘူး။ သွားလာခွင့်ပိတ်လိုက်ပြီဆိုတာပဲ သိပါတယ်။ သွားလာခွင့်တွေကို ဒီနေ့ကနေစပြီး ပိတ်လိုက်တာပါ”ဟု ၎င်းကပြောသည်။

အဆိုပါမြို့နယ်များကို လုံခြုံရေးကိုအကြောင်းပြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက သွားလာခွင့်ကန့်သတ်ခြင်းဖြစ်ကာ မည်သည့်အချိန်ထိ ကန့်သတ်ထားမည်ကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

NGO/INGO များအနေဖြင့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များနှင့် မွတ်ဆလင်များကို စားနပ်ရိက္ခာများနှင့် တခြားလူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီက သွားလာခွင့်ကန့်သတ်လိုက်ခြင်းကြောင့် ဒုက္ခရောက်နေကြသူများ ပိုမိုအခက်တွေ့လာမည်ဟု NGO ဝန်ထမ်းတစ်ဦးက DMG သို့ပြောသည်။

“အခက်အခဲတော့ ရောက်ကြမှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလူတွေဟာ NGO/INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီတွေနဲ့ပဲ ရပ်တည်နေတာလေ။ သူတို့ဘာသာသူတို့လည်း အလုပ်လုပ်လို့မရဘူး။ အဖွဲ့အစည်းတွေဆီကလည်း အကူအညီမရဘူးဆိုတော့ သူတို့ပိုပြီး ကျပ်တည်းဒုက္ခရောက်ကြမှာပေါ့။ နိုင်ငံရေးအခြေအနေအရလည်း အပြင်မှာ အလုပ်သွားလုပ်လို့မရဘူးလေ”ဟု သူကပြောသည်။

စစ်ဘေးရှောင်များကို စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း NGO/INGO အဖွဲ့များက အဓိက ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ကောင်စီက ထိုသို့ကန့်သတ်လိုက်ခြင်းအကျိုးဆက်ကြောင့် စစ်ဘေးရှောင်များ ဒုက္ခရောက်ကြရမည်ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဝင်းကပြောသည်။

“အစိုးရ(စစ်ကောင်စီ)အနေနဲ့ NGO/INGO အဖွဲ့အစည်းတွေကို သွားလာခွင့်ပိတ်လိုက်တယ်ဆိုကတည်းက ကျနော်တို့မှာ ဒုက္ခရောက်ပြီလေ။ အဲတော့ အစိုးရ(စစ်ကောင်စီ)ကိုရော တာဝန်ရှိပုဂ္ဂိုလ်တွေကိုရော လုံခြုံရေးအရ သွားလာခွင့်ကန့်သတ်ထားရင် သူတို့ပေးနေတဲ့ လစဉ်အထောက်အပံ့တွေကို အစိုးရ(စစ်ကောင်စီ)က ပေးနိုင်ရင်အဆင်ပြေပါမယ်။ သူတို့လည်း မထောက်ပံ့၊ ထောက်ပံ့ပေးနေသူတွေကိုလည်း မသွားခိုင်း၊ မပေးခိုင်း  ကျနော်တို့စစ်ဘေးရှောင်တွေမှာ သိပ်ဒုက္ခရောက်ရမှာ“ဟု သူကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ဆန်ရိက္ခာ ကူညီထောက်ပံ့မှုရပ်ဆိုင်းထားသည်မှာ ငါးလခန့်ကြာမြင့်နေပြီဖြစ်ကာ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခြောက်သောင်းခန့်မှာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရပြီး လတ်တလောဖြစ်ပွားနေသောတိုက်ပွဲများကြောင့်လည်း စစ်ဘေးရှောင်ဦးရေ ခြောက်ထောင်ကျော် ထပ်တိုးလာနေသည်။

ဗီဒီယိုများ