- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လေယာဉ်လက်မှတ်များ ဈေးနှုန်းမြင့်တက်နေ၍ ခရီးသွားလာသူများ အခက်အခဲဖြစ်
ရခိုင်ပြည်မှ ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနေမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
20 Sep 2022

DMG ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်မှ ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနေမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
ယခင်က ငွေကျပ်တစ်သိန်းအောက်ရှိခဲ့သည့် လေယာဉ်လက်မှတ်တစ်စောင်ကို ယခုအခါ ငွေကျပ်တစ်သိန်းကျော်ပေးကာ ဝယ်ယူနေရကြောင်း စစ်တွေမှ ရန်ကုန်သို့ ဆေးဝါးသွားရောက်ကုသခဲ့သည့် ကိုခင်မောင်စိုးကပြောသည်။
“လေယာဉ်လက်မှတ်တွေက အများကြီးဈေးတက်သွားတယ်လို့ သိရတယ်။ အရင်ကဆိုရင် လေးငါးခြောက်သောင်းလောက်နဲ့ ရန်ကုန်ကိုသွားလို့ရတယ်။ အခုကျတော့ လေယာဉ်လက်မှတ်တစ်စောင်ကို တစ်သိန်းမကျော်ရင် မရတော့ဘူး။ ဒီတော့ ရှိစုမဲ့စုနဲ့ ဆေးသွားကုရတဲ့ ကျွန်တော်တို့အတွက် အများကြီးအခက်အခဲ ဖြစ်ရပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အတူ လေယာဉ်လက်မှတ်အား ကြိုတင်မဝယ်ယူနိုင်ခဲ့သည့်အတွက် ပုံမှန်ပေါက်ဈေးထက် ပိုမိုပေးကာဝယ်ယူရသူများလည်းရှိကြောင်း ရခိုင်ဒေသခံတစ်ဦးဖြစ်သူ ကိုတေဇာအောင်ကပြောသည်။
“ကျွန်တော် အရေးပေါ်ကိစ္စနဲ့ စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ဖြတ်တဲ့အခါ လက်မှတ်ဆိုင်တွေက လက်မှတ်တွေ အကုန်ပြည့်နေပြီ၊ တစ်ပတ်လောက် ကြိုဖြတ်သင့်တယ်လို့ပြောတယ်။ ဒါနဲ့ လေယာဉ်ကွင်းက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ပြောကြည့်တော့ တစ်သိန်းခြောက်သောင်းနဲ့ အဆင်ပြေခဲ့ပါတယ်”ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် ရခိုင်မှ ပြည်မဘက်သို့ ကမ္ဘောဇလေကြောင်းလိုင်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့မှ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။
အာဏာမသိမ်းမီက ပြည်တွင်းလေယာဉ်လက်မှတ်တစ်စောင်လျှင် ငွေကျပ်သုံးသောင်းကျော်မှ ငွေကျပ်ခုနှစ်သောင်းကြားသာ ရှိခဲ့သော်လည်း လက်ရှိတွင် လေယာဉ်လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သိန်းသုံးသောင်းနှင့်အထက် မြင့်တက်လျှက်ရှိကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
“အရင်တုန်းကဆိုရင် ငွေသုံးလေးသောင်းလောက်နဲ့ လေယာဉ်စီးလို့ရပေမယ့် အခုဆိုရင် အနည်းဆုံး တစ်သိန်းသုံးသောင်းကျော်က စတဲ့အခြေအနေရောက်သွားပြီ။ ကိုယ်တွေက အရောင်းကိုယ်စားလှယ်ဆိုတော့ ဟိုကပြောတဲ့ဈေးနှုန်းအတိုင်းပဲ ရောင်းရတာပေါ့”ဟု SUN MOON လေယာဉ်လက်မှတ်အရောင်းဆိုင်ပိုင်ရှင် ဒေါ်မိုးနှင်းငယ်ကဆိုသည်။
အာဏာသိမ်းပြီးနောက် ဆီဈေးကိုအကြောင်းပြကာ လေယာဉ်လက်မှတ် ဈေးနှုန်းများမှာလည်း တစ်စထက်တစ်စ မြင့်တက်လာခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များက ပြောဆိုကြသည်။