DMG ၊ မေ ၁၃

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်မြောက်(BOOSTER DOSE)ထိုးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏စာရင်းကို ကောက်ယူနေကြောင်း စစ်တွေတက္ကသိုလ် တာဝန်ရှိသူထံမှသိရသည်။

လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးဖြစ်သည့် ကျောင်းသူ၊ ကျောင်းသားများ၏စာရင်းကို ကောက်ယူနေကာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့်ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျန်းမာရေးဌာနနှင့်ချိတ်ဆက်ပြီး ထိုးပေးသွားမည်ဟု စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

“ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်မြောက်(BOOSTER DOSE)ထိုးဖို့အတွက် ကျောင်းသား၊ ကျောင်းသူ တွေရဲ့စာရင်းကို ကျွန်တော်တို့ကောက်ခံနေတယ်။ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ပြည်နယ်ကျန်းမာရေးဌာနနဲ့ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ထိုးပေးသွားမယ်။ ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်”ဟု ၎င်းက DMG သို့ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေးက “ကိုဗစ်ကာကွယ် တတိယအကြိမ်ထိုးဖို့အတွက် စာရင်းကောက်ယူနေတာတော့ ကောင်းတာပေါ့။ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးစေချင်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားရင်တော့ ကိုယ့်အတွက်လုံခြုံမှုရှိတာပေါ့”ဟု ပြောသည်။

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များကို ယခုမေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိစစ်တွေတက္ကသိုလ်တွင် Day ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၅၀၀ ခန့် တက်ရောက်လျက်ရှိသည်ဟု သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေးဆောင်ရွက်နေကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၁၃,၀၈၂)ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၀၀၁)ဦးရှိနှင့် သေဆုံးသူစုစုပေါင်း (၁၉,၄၃၄)ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၁၁ ရက်နေ့အထိစာရင်းအရ သိရသည်။

Author: DMG