မွတ်ဆလင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် AA တပ်ဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ်နှစ် ၂၀ ကို ပြတ်ပြတ်သားသား ကျခံရမည်ဟု AA ပြော

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ၄င်းတို့၏တပ်သားနှစ်ဦးကို ယနေ့(အောက်တိုဘာလ ၂၀ ရက်)တွင် စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ကြိမ်ဒဏ်အချက် ၃၀ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

By Admin 20 Oct 2022

မွတ်ဆလင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် AA တပ်ဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ်နှစ် ၂၀ ကို ပြတ်ပြတ်သားသား ကျခံရမည်ဟု AA ပြော

Photo - AA Info Desk

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ၄င်းတို့၏တပ်သားနှစ်ဦးကို ယနေ့(အောက်တိုဘာလ ၂၀ ရက်)တွင် စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ကြိမ်ဒဏ်အချက် ၃၀ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

အဆိုပါတပ်သားနှစ်ဦးသည် အသက် ၃၀ အရွယ် အိမ်ထောင်သည် မွတ်ဆလင်အမျိုးသမီးတစ်ဦးကို အောက်တိုဘာလ ၁ ရက်နေ့က ၄င်း၏နေအိမ်အတွင်း လက်နက်အားကိုးဖြင့် မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ကျူးလွန်ခံရသူက တိုင်ကြားခဲ့သည်။

ထို့ကြောင့် စစ်ခုံရုံးဖွဲ့ပြီး ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူ မိသားစု၊ အခင်းဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှ သက်သေအချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိရသည်ဟု တရားခွင်အပြီး ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောသည်။

ထို့ပြင် အဆိုပါတပ်သားနှစ်ဦးကလည်း ၄င်းနေ့ရက်၌ ခွင့်ပြုချက်မရှိဘဲ အရက်သေစာ သောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံထွက်ဆိုကြသဖြင့် စစ်ဥပဒေနှင့်အညီ မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင် အချို့တို့၏ ရှေ့မှောက်၌ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟု ၄င်းကဆက်ပြောသည်။

“သူတို့နှစ်ယောက်ဟာ ပထမတချက် မုဒိန်းမှုကျူးလွန်တယ်။ ဒုတိယတစ်ချက်က ပြည်သူနဲ့ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချိုးဖောက်တယ်။ နောက်တစ်ချက်ကတော့ တပ်တော်ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် အပြုအမူတွေလုပ်ဆောင်တယ်။ အထူးသဖြင့် ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကို ဖောက်ဖျက်တဲ့အတွက် သူတို့ကို ကျနော်တို့က ထောင်ဒဏ်အနှစ် ၂၀ နဲ့ ကြိမ်ဒဏ်အချက် ၃၀ ကို ပေးရတာဖြစ်တယ်”ဟု ဦးခိုင်သုခကဆိုသည်။

လက်ရှိတွင် ၄င်းတို့နှစ်ဦးကို ကြိမ်ဒဏ်အချက် ၂၀ စီရင်ပြီးဖြစ်ကာ ကျန်အချက် ၁၀ ကို အကျဉ်းထောင်တွင် စီရင်မည်ဖြစ်ပြီး ထောင်ဒဏ်နှစ် ၂၀ ကိုလည်း လုံးဝပြည့်မီအောင် ကျခံရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“အခုလို ပြစ်မှု၊ ရာဇဝတ်မှုတွေကို ဘယ်သူပဲ ကျူးလွန်၊ကျူးလွန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်အနေနဲ့ ခွင့်လွှတ်သွားမှာ မဟုတ်ဘူး။ လူမျိုးဘာသာမရွေးဘဲ ဒီဟာတွေကို ကျနော်တို့ ကိုင်တွယ်နေတာဖြစ်တယ်။ သူတို့ဟာ ကျနော်တို့တပ်တော်ထဲက ဆိုပေမယ့် ဒီလူတွေဟာ ကျနော်တို့ ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အထူးစည်းမျည်း၊စည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူကို ကာကွယ်ဖို့ပေးထားတဲ့ လက်နက်တွေကို အသုံးချပြီးတော့ ပြည်သူတွေကို ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ အမှားဖြစ်တယ်”ဟု ဦးခိုင်သုခကဆိုသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် အမျိုးသမီးနှင့် မိသားစုဆွေမျိုးများကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာစစ်ဒေသ တာဝန်ရှိသူများက လူကိုယ်တိုင်သွားရောက်ပြီး တောင်းပန်ထားကြောင်းနှင့် နောက်နောင်တွင် အလားတူဖြစ်စဉ်မျိုးမဖြစ်အောင် ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည်ဟု ၄င်းကဆက်လက်ပြောသည်။

“မိသားစုတွေဘက်ကလည်း ကျေကျေနပ်နပ်နဲ့ အားလုံးပြေပြေလည်လည် ရှိနေပြီဆိုတဲ့အကြောင်းကို ဖြည့်စွက်ပြီးပြောကြားလိုပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ကျူးလွန်သည့် တပ်သားနှစ်ဦးအနက် တစ်ဦးမှာ ၂၀၁၉ ခုနှစ်က တပ်တော်ထဲသို့ ဝင်လာကြသူဖြစ်ပြီး ကျန်တစ်ဦးမှာ ၂၀၂၀ ခုနှစ်တွင် ဝင်ရောက်လာသူဖြစ်သည်ဟု သိရသည်။

ယခုဖြစ်စဉ်မတိုင်မီ ရက္ခိုင့်တပ်တော်၏ ၁၃ နှစ်တာ ဖြတ်သန်းမှုကာလအတွင်း ကျောက်တော်မြို့နယ်၊ ယိုးချောင်းတွင် ၄င်းတို့၏ တပ်သားကျူးလွန်သည့် မုဒိမ်းမှုတစ်ကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။ ကျူးလွန်သူသည် တပ်ထဲမှ လက်နက်ယူထွက်ပြေးကာ အနီးအနားရှိ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သဖြင့် ၄င်းကိုလိုက်လံဖမ်းဆီးပြီး သေဒဏ်ပေးခဲ့ကြောင်းလည်း ရက္ခိုင့်တပ်တော်မှ သိရသည်။

ဗီဒီယိုများ