ရခိုင်တွင် ကလေးလုပ်သား အများအပြား တွေ့လာရ

ဈေးရောင်း၊ ဈေးဝယ်၊ မုန့်ရောင်း၊ တောင်တက်ထင်းရှာ၊ ချောင်းထဲငါးဖမ်း၊ နွားအငှားကျောင်း စသည့် ကြုံရာကျပန်း အလုပ်များမှာပါ ကလေးအလုပ်သမားများ တွေ့လာရခြင်းဖြစ်သည်။

By Admin 26 Jul 2025

စစ်တွေကမ်းခြေတွင် အလုပ်လုပ်နေကြသော ကလေးငယ်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။
စစ်တွေကမ်းခြေတွင် အလုပ်လုပ်နေကြသော ကလေးငယ်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၆

စစ်ဘေးဒဏ်သင့် ရခိုင်ဒေသတွင် ဆင်းရဲမွဲတည်မှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စားဝတ်နေရေး ကျပ်တည်းမှုတို့ကြောင့် မြို့ရွာအနှံ့တွင် ကလေးသူငယ် အလုပ်သမားများကို သိသိသာသာ တွေ့လာနေရသည်။

လူစည်ကားရာ ဈေး၊ ဆိပ်ကမ်း၊ ကားဂိတ်၊ ကုန်စုံဆိုင်၊ အဝတ်ဆိုင်၊ စတိုးဆိုင်၊ လက်ဘက်ရည်ဆိုင်စသည့် အရောင်းဆိုင်များတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်အများတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဈေးရောင်း၊ ဈေးဝယ်၊ မုန့်ရောင်း၊ တောင်တက်ထင်းရှာ၊ ချောင်းထဲငါးဖမ်း၊ နွားအငှားကျောင်း စသည့် ကြုံရာကျပန်း အလုပ်များမှာပါ ကလေးအလုပ်သမားများ တွေ့လာရခြင်းဖြစ်သည်။

" တစ်လကို နှစ်သိန်း ရပါတယ်။ ရတဲ့ ပိုက်ဆံကို အမေ့ကို အပ်တယ်။ ဒီပိုက်ဆံနဲ့ အမေတို့က အိမ်မှာ ဆန်ဝယ်စားတယ်" ဟု ကျောက်တော်မြို့က ကုန်စုံဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦးက ပြောသည်။

DMG က မေးမြန်းချက်အရ အရောင်းဆိုင်များတွင် လုပ်ကိုင်နေကြသော အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေးများမှာ တစ်လကို လစာငွေ နှစ်သိန်းမှ သုံးသိန်းကြား ရရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြားရှိ အမျိုးသမီးကလေးများမှာ တစ်လကို ငွေတစ်သိန်းခွဲမှ နှစ်သိန်းခွဲဝန်းကျင်ကြား လစာရရှိကြောင်း သိရသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့စသည့် မြို့တို့တွင် ကလေးအလုပ်သမားအများဆုံး တွေ့ရှိရကြောင်း ပြောဆိုကြသည်။

" အမှန်ပြောရရင်တော့ ကလေးတွေကို အလုပ် မခိုင်းချင်ဘူး။ ဒါပေမဲ့ အလုပ်မရှိ၊ ဝင်ငွေမရှိလို့ စားဝတ်နေရေး ကျပ်တည်းနေကြရတဲ့ သူတို့အတွက် တစ်ခုခု အထောက်အပံ့ဖြစ်ပါစေဆိုတဲ့ စိတ်နဲ့ အလုပ်ခန့်ထားရတာမျိုး ရှိတယ် " ဟု မြောက်ဦးမြို့မှ အလုပ်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၃ နိုဝင်ဘာတွင် စတင်ခဲ့သော တိုက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်းရေလမ်း ပိတ်ဆို့ထားသည်။ ထို့အတူ ရခိုင်တွင် စစ်ဘေးရှောင် အများအပြားရှိနေပြီး စားဝတ်နေရေး အခက်ခဲဖြစ်နေကြသည်။

ယင်းအကျိုးဆက်ကြောင့် ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရပြီး လက်လုပ်လက်စားများမှာ ၎င်းတို့၏ သားသမီးမျာကိုပါ အလုပ်ခိုင်းစေ၍ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။

မြောက်ဦးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသော အမျိုးသားတစ်ဦးက "ကလေးတွေ စာမသင်ရတဲ့အပြင် ဆင်းရဲကျပ်တည်းတော့ မိသားစု တာဝန်ကိုပါ ယူနေကြရတာ။ ULA အနေနဲ့ လက်တလောမှာ ဒါတွေကို မဖြေရှင်းနိုင်သေးရင်တောင်မှ ရေရှည်အတွက်တော့ စဉ်းစားရမယ့် အရေးကြီးတဲ့အချက်လို့ မြင်တယ် " ဟု ပြောသည်။

အသက်မပြည့်သေးသော ကလေးများမှာ အလုပ်လုပ်ခြင်း နောက်ဆက်တွဲအနေဖြင့် ပညာမသင်ကြားနိုင်ခြင်း၊ ကျန်းမာရေးဖွံ့ဖြိုးမှုဆိုင်ရာ ထိခိုက်ခြင်း၊ ပြင်းထန်သော စိတ်ဒဏ်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ အသက်အန္တရာယ်ရှိခြင်းနှင့် နိုင်ငံတိုးတက်ရေးကို အတားအဆီးများဖြစ်စေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းဆုံးဖြတ်ချက်အရ ၁၈ နှစ်အောက်ရှိသူများကို ကလေးသူငယ်များအဖြင့် သတ်မှတ်ထားပြီး ကလေးသူငယ်များ ပညာသင်ကြားရေး၊ အသက်ရှင်သန် ရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်ပေးရေး စသည့်တို့ကို နိုင်ငံတော်တာဝန်ရှိသူများက မဖြစ်မနေ လုပ်ဆောင်ရန် ပြဌာန်းထားသည်။