- မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ
- ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ
- ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်
- သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ
- စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော
မိုးအဆက်မပြတ်ရွာသွန်းပြီး ဒီရေမြင့်တက်မှုကြောင့် စစ်ဘေးရှောင်များ နေထိုင်ရေးအခက်ကြုံ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်၊ ရသေ့တောင်မြို့က စစ်ဘေးရှောင်စခန်းများအတွင်း ဒီရေမြင့်တက်ကာ ရေနစ်မြုပ်မှုဖြစ်ပေါ်နေပြီး နေရေးထိုင်ရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
15 Jul 2023
DMG ၊ ဇူလိုင် ၁၅
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်၊ ရသေ့တောင်မြို့က စစ်ဘေးရှောင်စခန်းများအတွင်း ဒီရေမြင့်တက်ကာ ရေနစ်မြုပ်မှုဖြစ်ပေါ်နေပြီး နေရေးထိုင်ရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ပင်လယ်ကမ်းစပ်နှင့်နီးသည့် စေတီတောင် အရှေ့ဘက် စစ်ဘေးရှောင်စခန်း၊ စေတီတောင် အနောက်ဘက် စစ်ဘေးရှောင်စခန်းနှင့် သီရိဓမ္မာရုံကျောင်း စစ်ဘေးရှောင်စခန်းတို့တွင် ရေနစ်မြုပ်နေခြင်းဖြစ်သည်။
အိမ်ခြေ ၁၇၈ ဆောင်၊ လူဦးရေ ၉၀၀ ခန့်ရှိသည့် စေတီတောင် အနောက်ဘက် စစ်ဘေးရှောင်စခန်းတွင် ၃ ပေခန့်အထိ ရေနစ်မြုပ်နေသဖြင့် စစ်ဘေးရှောင်များမှာ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းနေထိုင်နေရသည်။
“ဒီရေတက်လို့ ထမင်းချက်ဖို့တောင် ကုန်းမြင့်ဖက်က အိမ်တွေဆီကိုသွားပြီး ပေါင်းချက်ရတာရှိတယ်။ တချို့မိသားစုတွေက စေတီတောင်ဘုန်းတော်ကြီးကျောင်းမှာ သွားအိပ်တာရှိတယ်” ဟု စစ်ဘေးရှောင် ဒေါ်မေစုလှိုင်က ပြောသည်။
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များကို မပြုပြင်နိုင်သေးဘဲ ယာယီတဲအိမ်များဆောက်ကာ ဖြစ်သလိုနေထိုင်နေရသဖြင့် ဒီရေမြင့်တက်ပါက အခက်ကြုံနေရခြင်းဖြစ်သည်။
အိမ်ခြေ ၆၀၊ လူဦးရေ ၃၀၀ ကျော်ရှိသည့် သီရိဓမ္မာရုံကျောင်း စစ်ဘေးရှောင်စခန်းတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ဒီရေ ၂ ပေခန့်မြင့်တက်လာပြီး ကျောင်းပေါ်သို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း စစ်ဘေးရှောင် ဦးကျော်ထွန်းနိုင်က ပြောသည်။
“ရေတက်လို့ ထင်းတွေ၊ ဘာတွေ အကုန်လုံးစိုသွားတယ်။ တချို့သူတွေဆိုရင် ဆန်တွေ၊ အဝတ်အစားတွေ စိုသွားတော့ သူများတွေဆီက ငှားဝတ်ရတယ်။ ဆန်လည်း ချေးငှားပြီးတော့ စားသောက်ကြရတယ်” ဟု သူကပြောသည်။
ရေနစ်မြုပ်မှုကြောင့် ပတ်ဝန်းကျင်တွင် ခြင်၊ ယင်ပေါများလာသဖြင့် ကျန်းမာရေးထိခိုက်လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။
“ဒီရေတက်လာရင်တော ဘာမှလုပ်လို့ မရတော့ဘူး။ ဒီရေဆင်းတဲ့အထိ စောင့်ရတယ်” ဟု စေတီတောင် အရှေ့ဘက် စစ်ဘေးရှောင်စခန်းမှ ဦးဝင်းချေက ပြောသည်။ စေတီတောင် အရှေ့ဘက် စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၄၀၀ ကျော်၊ ၂,၀၀၀ ခန့်ရှိသည်။
ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ ၂၀၁၉၊ ၂၀၂၀ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲများကြောင့် အမျက်တောင်၊ အောင်ဇေယျ၊ ထီးစွဲ၊ မောင်ဖြူရွာ၊ အုန်းချောင်း စသည့် ကျေးရွာတို့မှ နေရပ်စွန့်ခွာလာကြသူများ ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ (၆) သောင်းကျော်အထိ ရှိနေသေးသည်။
#I011