- လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံအချို့ အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်
- ရခိုင် ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို AA ဖမ်းဆီးထား
- ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခရှိနေ၍ လူထုအန္တရာယ် များနိုင်
- ပူတင်နှင့် ကင်ဂျုံအန်း တရုတ်စစ်ရေးပြပွဲ တက်မည်
- ဖားကန့်ဒေသခံများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းအချို့ကို AA သိမ်းပိုက်
အဆိုပါ ကာကင်းစခန်းများသည် မင်းတပ်တောင်ကျေးရွာနှင့် ကျေးရွာအနီးရှိ တောင်ကုန်းများတွင် တပ်စွဲထားပြီး ယမန်နေ့ (မေ ၁၉ )၊ ညနေပိုင်းတွင် အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
20 May 2025

DMG ၊ မေ ၂၀
ရခိုင်ပြည်၊ ကျောက်ဖြူမြို့အခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်း၏ ကာကင်းစခန်းအချို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ကာကင်းစခန်းများသည် မင်းတပ်တောင်ကျေးရွာနှင့် ကျေးရွာအနီးရှိ တောင်ကုန်းများတွင် တပ်စွဲထားပြီး ယမန်နေ့ (မေ ၁၉ )၊ ညနေပိုင်းတွင် အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ခဲ့ရသော နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူ ဒေသခံသတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။
" တစ်ညလုံး ဒရုန်းနဲ့ လာပြီး ဗုံးကြဲတယ်။ ဒီနေ့ (မေ ၂၀ ရက်) နေ့လည်ပိုင်းအထိလည်း ဒရုန်းနဲ့ရော၊ လေယာဉ်နဲ့ပါ ဗုံးကြဲသွားတယ်။ ဗုံးသီးတချို့ ရွာထဲမှာ ကျတယ်။ နေအိမ်ပျက်စီးမှုတွေကိုတော့ မသိရသေးဘူး။ ဗုံးလာကြဲတာကတော့ ဆက်တိုက် လုံးဝမနားဘူး " ဟု ၎င်းက ပြောသည်။
မင်းတပ်တောင်ကျေးရွာမှာ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ၁ မိုင်ကျော်ခန့် ကွာဝေးပြီး ယင်းကျေးရွာအနီးရှိ နှမ်းဖဲတောင်၊ ကန္ဒီးနှင့် ပြိုင်းစေ့ကေကျေးရွာအနီးတို့တွင် ပြီးခဲ့သည့် မတ်လ တတိယပတ်မှ စ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
အမှတ် (၃၂) ရဲတပ်ရင်းသည် ဒိုးတန်းတောင်ပေါ်တွင် ရှိပြီး မင်းတပ်တောင်၊ ပြိုင်းစေ့ကေနှင့် နှမ်းဖဲတောင်ကျေးရွာအပါအဝင် ယင်းရဲတပ်ရင်းမှ ၁ မိုင်ဝန်းကျင်အနီးတဝိုက်တွင် စစ်ကောင်စီက ကာကင်းစခန်းများ အထပ်ထပ်ပြုလုပ်ထားကြောင်း သိရသည်။
" ရဲတပ်ရင်းကို လက်မလွှတ်ရေးအတွက် စစ်ကောင်စီဟာ ကာကင်းစခန်းတွေကို အထပ်ထပ်ထပ် ကြိုတင်စီမံထားတယ်လို့ သိရတယ်။ အဲဒီထဲက မင်းတပ်တောင်ရွာက ကာကင်းစခန်းတွေကိုတော့ အခု AA က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်" ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၂၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်ဌာနခွဲ၊ အုံးကျွိန်ရေတပ်စခန်းနှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။
ယင်းအထဲမှ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်အနီးတို့၌ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
အမှတ်(၃၂ ) ရဲတပ်ရင်းမှ အနောက်ဘက် ၂ မိုင်ခန့်အကွာ၊ ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာတွင်ရှိသော ရွှေသဘာဝဓာတ်ငွေ့သန့်စင်သည့် (OGT) စက်ရုံရှိရာ မလကျွန်းကျေးရွာအနီးတို့တွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်တိုက်ပွဲများ ရှိနေကြောင်း သိရသည်။