- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ဗကသအဖွဲ့ဝင် ၃၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရပြီး တသက်တကျွန်း ချမှတ်ခံထားရသူ ၂ ဦးပါဝင်
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရသူ ၂ ဦးအပါအဝင် အဖွဲ့ဝင် ၃၀ ကျော်မှာ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံထားကြရသည်။
24 Mar 2023

DMG ၊ မတ် ၂၄
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရသူ ၂ ဦးအပါအဝင် အဖွဲ့ဝင် ၃၀ ကျော်မှာ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံထားကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ကျောင်းသားသမဂ္ဂမှ မြေပြင်လှုပ်ရှားရေးရာတာဝန်ခံ အသက်(၂၀) အရွယ် ကိုကောင်းဆက်ပိုင်ကို အင်းစိန်ထောင်စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သည်။
ကိုကောင်းဆက်ပိုင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၄ လခန့် အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ဒါတွေဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ထောက်တိုင်ပြုပြီး ခေတ်အဆက်ဆက် အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်။ ဒါ့ကြောင့် စစ်သုံးစစ်နဲ့ တည်ဆောက်ထားတဲ့ စစ်ဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ ဒီဖိနှိပ်မှုတွေကနေလွတ်မယ်” ဟု ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အထက (၁) ရန်ကုန်၊ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဒုက္ကဌဖြစ်သူ ကိုဟိန်းထက်(ခ)ကိုပိုပို ကိုလည်း စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူသည့်အချိန်မှစ၍ ဗကသအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း အဖွဲ့ဝင် ၃၀ ကျော်မှာ ထောင်ဒဏ်ချမှတ် ခံထားရဆဲဖြစ်သည်။ ယင်းအပြင် သေဒဏ်ချတ်မှတ်ခံထားရသူ ၁၀ ဦးနီးပါးအထိရှိကြောင်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ပေါ်နေကြသည့် ကျောင်းသားများကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းအထိ ချတ်မှတ်လိုက်ခြင်းအပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ရှုတ်ချသည်။
“ကျနော်တို့ ကျောင်းသားသမဂ္ဂတွေဟာ ပြည်သူလူထုနဲ့အတူ မှန်ကန်တဲ့ဖက်က ရပ်တည်တယ်။ ဒါတွေကို စစ်ကောင်စီက ဖမ်းဆီးတယ်၊ ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတော့ ထောင်ဒဏ် တသက်တကျွန်းချတာတွေကို ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ရှုတ်ချတယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့အထိ အာဏာသိမ်းမှု (၂) နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၃,၁၅၈ ဦးနှင့် ဖမ်းဆီးခံရသူ ၂၀,၈၂၂ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ သိရသည်။
ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအတွင်းက ပြည်သူတစ်ရပ်လုံးမှာ ယနေ့အချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် လှုပ်ရှားနေကြဆဲဖြစ်သည်။
#R007