- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
- AA ထိန်းချုပ်နယ်မြေအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စတင်လုပ်ဆောင်
- ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်
- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဖြူဆေးရုံကြီးတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုနေ
- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ပေါက်တောမြို့အနီးက စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျေးရွာ ၅ ရွာတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
16 May 2025

DMG ၊ မေ ၁၆
ရခိုင်ပြည်၊ ပေါက်တောမြို့အနီးက စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျေးရွာ ၅ ရွာတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့ မြောက်ဖက်ရှိ ကျေးရွာ ၅ ရွာထက်မနည်းတွင် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်ပြီး နောက်ထပ်ကျေးရွာများတွင်လည်း ထပ်မံရေရှားပါးမှုနှင့် ကြုံတွေ့လာနိုင်သည်ဟု ကူညီပေးနေသူအမျိုးသားတစ်ဦးက ပြောသည်။
" ဒီလထဲမှာ မိုးမရွာဘူးဆိုရင် နောက်ထပ် ရေရှားမှုရှိလာနိုင်တဲ့ ရွာတွေလည်း ရှိတယ်။ လောလောဆယ် ဒီဒေသမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသတာဝန်ရှိသူတွေနဲ့ အလှူရှင်တွေက ဆက်သွယ်လှူဒါန်းမှုတွေတော့ ရှိကြတယ် " ဟု ၎င်းက ပြောသည်။
သောက်သုံးရေရှားပါးနေသော ကျေးရွာများတွင် ပေါက်တောမြို့က စစ်ဘေးရှောင်များနှင့် စစ်တွေမြို့နယ်က စစ်ဘေးရှောင်များ ခိုလှုံနေကြခြင်းဖြစ်ပြီး ကျေးရွာတွင် ရှိသည့် သောက်သုံးရေကန်နှင့် လူဦးရေ မညီမျှမှုတို့ကြောင့် ရေရှားပါးရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကျေးရွာများတွင် မိသားစုတစ်စုကို နှစ်ရက်လျှင် ၅ ဂါလံဆံ့ ဗူးဖြင့် တစ်ဗူးစီ ဖြန့်ဝေပေးနေကြောင်း သိရသည်။
" လက်ရှိမှာ သောက်သုံးရေ ဖြန့်ဝေမှုကတော့ လုံလောက်မှု မရှိသေးဘူး။ တက်နိုင်သလောက်လေးနဲ့ ကူညီပေးနေကြရတာ။ လုံလောက်အောင် ဖြန့်ဝေပေးနိုင်ဖို့ အလှူငွေ လိုအပ်ချက်တွေ ရှိနေတုန်းပဲ။ ရေတစ်စီးကို ကျပ်ငွေ ၇ သောင်း အထိပေးရတော့ ရန်ပုံငွေ လိုအပ်ချက်တွေလည်း ရှိနေတယ် " ဟု အထက်ပါ ကူညီပေးနေသူအမျိုးသားက ဆက်ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ပေါက်တောမြို့ခံများမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်တွေစစ်ဘေးရှောင် အများအပြားလည်း ပေါက်တောမြို့နယ်တွင် ရှိနေသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ ထုတ်ပြန်ချက်များအရ ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းတစ်သောင်းကျော်ခန့် ရှိသည်ဟု သိရသည်။