ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်တွင် မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ကြွေးကျန်ငွေအများအပြား ပြန်မရသေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူပြော

ရခိုင်တွင် အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းကို ပြည်သူလူထုသို့ ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ထုတ်ချေးခဲ့သည်။

By Admin 17 Jan 2023

ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်တွင် မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ကြွေးကျန်ငွေအများအပြား ပြန်မရသေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူပြော

ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအားတွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှုများကြောင့် ချေးငွေများ ပြန်မဆပ်နိုင်ကြသည့်အတွက် ကြွေးကျန်ငွေအများအပြား ပြန်မရသေးကြောင်း မြစိမ်းရောင်ချေးငွေစီမံကိန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးချစ်မောင်က DMG သို့ ပြောသည်။

ရခိုင်တွင် အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းကို ပြည်သူလူထုသို့ ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ထုတ်ချေးခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာဖြစ်ပွားခဲ့သည့် ဒေသမတည်ငြိမ်မှုများကြောင့် ချေးငွေချေးယူကြသူများမှာ ပြန်ဆပ်နိုင်ရန် အခက်အခဲများ ရှိနေကြခြင်းဖြစ်သည်။ 

ဒေသမတည်ငြိမ်သည့် အချိန်မှစတင်၍ ယနေ့အချိန်အထိ မြစိမ်းရောင်စီမံကိန်းမှ ပြန်လည်ရရှိမည့် ကြွေးကျန်ငွေပမာဏမှာ ငွေကျပ် သန်း ၄၀၀ ကျော်အထိရှိကြောင်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  

ဒေသမတည်ငြိမ်မှုများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် မြို့နယ်တို့မှ ချေးငွေ ကျပ်သန်းပေါင်း ၄၄၃ ဒဿမ ၃၇၅ သန်း ပြန်မဆပ်ကြသေးခြင်းဖြစ်ကြောင်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးချစ်မောင်က DMG သို့ပြောသည်။

“ကြွေးကျန်ဖြစ်ပေါ်နေတဲ့ အဓိကအချက်ကတော့ ဒေသအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတယ်။ ဌာနအနေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေပြေနဲ့ အခက်အခဲမရှိဘဲ  ပြန်လည်ရရှိအောင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်နေတယ်။ အခြေအနေပေါ်မူတည်ပြီး ကြွေးကျန်တွေ ပြန်လည်ရရှိအောင် ကောက်ခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ရခိုင်တပြည်လုံးတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာပေါင်း ၇၄၈ ရွာ၊ ယူနစ်အားဖြင့် ၆၅၃ ယူနစ်ရှိပြီး (တစ်ယူနစ် - အိမ်ခြေ ၈၀ နှင့်အထက်) ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် မြို့နယ်များရှိ မြစိမ်းရောင်ကျေးရွာ ၁၇ ရွာမှ ၁၂ ရွာမှာ ကြွေးကျန်ငွေများဆပ်ရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။ 

မြစိမ်းရောင်ချေးငွေ ရယူထားကြသူမှာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသော်လည်း စီမံကိန်း၏ သဘောသဘာဝအရ အတိုး၊ အရင်း ပြန်လည်ပေးဆပ်နိုင်မှသာ ချေးငွေ ထပ်မံရယူနိုင်မည်ဖြစ်သည်။

ကျေးလက်နေပြည်သူ အများစုမှာ စပါးမစိုက်လိုက်ရဘဲ စစ်ဘေးတိမ်းရှောင်နေရခြင်း၊ မုန်တိုင်းဝင်ရောက်‌သောကြောင့် လယ်ယာမြေများ၌ ဆားငံရေများဝင်ရောက်ကာ စပါးခင်းများ ပျက်စီးသွားခြင်း၊ တိုက်ပွဲများကြောင့် စပါးများရိတ်သိမ်းမှု နောက်ကျသွားရခြင်း စသည့် အခက်အခဲများကြောင့် ချေးငွေများပြန်ဆပ်ရန် အဆင်မပြေ ဖြစ်နေကြခြင်း ဖြစ်သည်။

“တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်နေရလို့ စပါးတွေ ရိတ်သိမ်းရတာ နောက်ကျသွားတယ်။ တစ်ဖက်မှာလည်း မုန်တိုင်းကြောင့် ဆားငံရေဝင်ပြီး စပါးတွေ ပျက်စီးသွားတယ်။ ပြီးရင် အလုပ်အကိုင်တွေကလည်း အဆင်မပြေကြဘူးလေ။ ဒါကြောင့် ချေးငွေဆပ်ဖို့ အခက်အခဲရှိသွားတာပါ။ ကျနော်တို့ အဆင်ပြေရင် ပြေသလို ဖြည်းဖြည်းချင်း ဆပ်သွားမှာပါ” ဟု မင်းပြားမြို့နယ် ခေါင်းလောင်းရွာမှ ဦးမောင်မြင့်က DMG သို့ပြောသည်။ 

လယ်သမားများအပြင် လက်လုပ်လက်စား ပြည်သူများမှာလည်း အလုပ်အကိုင်များ ရှားပါးလာသည့်အတွက် ချေးငွေပြန်ဆပ်နိုင်ရန် အခက်အခဲများ ရှိနေကြကြောင်းလည်း သိရသည်။ 

“လက်လုပ်လက်ကိုင် လုပ်စားကြတဲ့သူတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေခဲ့ရတယ်။ အလုပ်လည်း မရှိတော့ ချေးငွေတွေ ပြန်မဆပ်နိုင်ကြဘူး။ အရင်ကဆိုရင် စစ်တွေကို တစ်ပတ်၊ နှစ်ပတ်လောက်သွားပြီး အလုပ်လုပ်လိုက်ရင် ပိုက်ဆံလေး၊ငါးသောင်းလောက်ရတယ်။ အခုဆိုရင် အလုပ်အကိုင်တွေက ရှားလာတယ်။ စစ်တွေသွားရင်လည်း အလုပ်မလုပ်ခဲ့ရဘူး။ ရွာကိုပဲ ပြန်လာရတယ်။ အလုပ်အကိုင်တွေလည်းမရှိတော့ ချေးငွေဆပ်ရမှာ အခက်ခဲရှိတယ်ပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာမှ ဦးဝေသိန်းအောင်က ပြောသည်။ 

မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ကျေးရွာယူနစ် တစ်ယူနစ်လျှင် ကျပ်သန်း ၃၀၀ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ၁၀၀ ကျပ်လျှင် ပြား ၅၀ မှ ၁ ကျပ် ၅ဝ ပြားအတွင်း ကျေးရွာသူ/သားများ၏ သဘောဆန္ဒအရ သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။

မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ရရှိလာသည့် အတိုးငွေ ၅၀ ရာခိုင်နှုန်းကိုလည်း ယင်းကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးပြုနေကြောင်းလည်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

#I001

ဗီဒီယိုများ