နှစ်လစာအတိုးမဲ့ ရယူထားသည့် CDM ဝန်ထမ်းများကို စစ်ကောင်စီမှ တရားစွဲမည်ဟုသိရ

နှစ်လစာအတိုးမဲ့ ကိုဗစ်-၁၉ ချေးငွေများ ရယူထားပြီး အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို နိုင်ငံဘဏ္ဍာအလွဲသုံးစွဲမှုနှင့် စစ်ကောင်စီက အရေးယူရန် လျို့ဝှက်လုပ်ဆောင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။

23 Nov 2021

Photo - CJ

DMG၊ နိုဝင်ဘာ ၂၃

နှစ်လစာအတိုးမဲ့ ကိုဗစ်-၁၉ ချေးငွေများ ရယူထားပြီး အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို နိုင်ငံဘဏ္ဍာအလွဲသုံးစွဲမှုနှင့် စစ်ကောင်စီက အရေးယူရန် လျို့ဝှက်လုပ်ဆောင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။

ထိုနှစ်လစာ အခမဲ့ချေးငွေများမှာ NLD ပါတီ အစိုးရလက်ထက်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဝန်ထမ်းများအဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်ဆေးရုံကြီးတွင်လည်း အဆိုပါ နှစ်လစာရယူထားသူ ဝန်ထမ်းဌာနအလိုက်ရှိကြောင်း မော်လမြိုင်ဆေးရုံမှ CDM လုပ်ဆောင်ထားသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

"ကိုဗစ်နှစ်လစာချေးငွေယူထားတာက အားလုံးနီးပါး၊ ကျွန်မကတော့ မယူထားဘူးပေါ့။ အခြားယူထားသူက ဆေးရုံထဲမှာ အများကြီးပါပဲ" ဟု သူမကဆိုသည်။

လက်ရှိအချိန်တွင် အတိုးမဲ့လစာရယူထားသူများကို စစ်ကောင်စီဘက်မှ တစုံတရာခြိမ်းခြောက်ထားခြင်း မရှိကြောင်း သူမကဆိုသည်။

ထို့အပြင် နှစ်ကြိမ်လစာရယူထားခြင်းကြောင့် လာရောက်ပေးဆပ်ရန်နှင့် CDM လုပ်ဆောင်ထားသည့်အတွက် အရေးယူဆောင်ရွက်မည်ဟုဆိုပြီး ဒိုက်ဦးမြို့နယ်ပညာရေးမှုးရုံး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း ဒိုက်ဦးမြို့နယ်မှ CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။

"နှစ်လစာယူထားတယ်။ ပြန်လာဆပ်ရမယ်။ မဆပ်ရင်အရေးယူမယ်။ ပြီးတော့ CDM လုပ်ထားတဲ့အတွက် ဥပဒေချိုးဖောက်တယ်။ အဲတာကြောင့်လည်း ဥပဒေနဲ့ရှင်းရမယ်လို့ မြို့နယ်ရုံးက စာပို့ခြိမ်းခြောက်ခံထားရတယ်" ဟု သူကဆိုသည်။

စစ်ကောင်စီဘက်မှ Non-CDM အဖြစ် ပြန်လည်ဝင်ရောက်သူများကို အတိုးမဲ့နှစ်လစာများရယူမှုအတွက် လစာဖြတ်တောက်ထားခြင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေသည်ဟု Non CDM ပြုလုပ်ထားသည့် ဝန်ထမ်းများထံမှ သိရသည်။

ထို့အပြင် CDM ပြုလုပ်ထားသည့် ဝန်ထမ်းအများစုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံတော် ဘဏ္ဍအလွဲသုံးစားမှုဖြင့်ပါ အရေးယူမည်ဟု စစ်ကောင်စီဘက်မှ ခြိမ်းခြောက်နေကြောင်း သိရသည်။

ဗီဒီယိုများ