၈ နှစ်အတွင်း ရခိုင်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သန်း ၆၀၀ ခန့် ပြန်မရ

ရခိုင်ပြည်နယ်တွင် အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းကို ကျေးလက်ပြည်သူလူထုသို့ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်ထုတ်ချေးခဲ့ရာတွင် ၈ နှစ်အတွင်း ချေးငွေကျပ်သန်းပေါင်း ၅၉၇ သန်း ပြန်မဆပ်ကြသေးကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

04 Dec 2021

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ်တွင် အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းကို ကျေးလက်ပြည်သူလူထုသို့ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်ထုတ်ချေးခဲ့ရာတွင် ၈ နှစ်အတွင်း ချေးငွေကျပ်သန်းပေါင်း ၅၉၇ သန်း ပြန်မဆပ်ကြသေးကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ၂၀၂၁ ခုနှစ်အထိ မြစိမ်းရောင်ကျေးရွာပေါင်း ရ၄၀ အထိရှိလာပြီး ချေးငွေကျပ်သန်းပေါင်း ၁၁၃၉ ကျော်ကို မတည်ထုတ်ချေးခဲ့သည်ဟု ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ကပြောသည်။

ချေးငွေမဆပ်နိုင်သည့်ကျေးရွာများကို ကွင်းဆင်းစစ်ဆေးပြီး ချေးငွေပြန်ဆပ်ရန်အတွက် လှုံ့ဆော်ပေးနေကြောင်း ဦးတင်မောင်ကဆိုသည်။

“ကျနော်တို့က ချေးငွေပြန်မဆပ်သေးတဲ့လူတွေကို တတ်နိုင်သမျှစည်းရုံးပြီးတော့ ပြေလည်အောင်ဆောင်ရွက်ပေးပါတယ်။ ချေးငွေမဆပ်နိုင်တဲ့လူတွေကိုလည်း ကျနော်တို့လောလောဆယ်မှာတော့ အရေးယူမထားဘူး”ဟု ၎င်းကပြောသည်။

ချေးငွေမဆပ်နိုင်သည့်အထဲတွင် ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်များမှ ကျေးရွာများပါဝင်ကြောင်း သိရသည်။

ကျေးလက်နေဒေသခံအများစု ချေးငွေပြန်မဆပ်နိုင်ခြင်းမှာ တိုက်ပွဲကြောင့် နေအိမ်နှင့် အလုပ်အကိုင်များကိုစွန့်ခွာခဲ့ရခြင်း၊ လက်ရှိမှာလည်း စီးပွားရေးလုပ်ကိုင်ရန်အဆင်မပြေသဖြင့်ပြန်ဆပ်ရမည့်ချေးငွေကို အချိန်မှီမပေးဆပ်နိုင်ခြင်းဖြစ်ကြောင်း မြစိမ်းရောင်ချေးငွေယူဆောင်ထားသူများက ပြောဆိုကြသည်။

“ကျမတို့ရွာက တိုက်ပွဲတွေမကြာခဏဖြစ်တော့ ပြေးရလွှားရနဲ့ ကိုယ်လုပ်ကိုင်ရှာဖွေနေတဲ့ပစ္စည်းတွေ အကုန်ချန်ထားခဲ့ရတယ်။ အခုလည်း ငွေပြန်ဆပ်ဖို့ ပိုက်ဆံတစ်ပြားမှမရှိသေးဘူး။ စီးပွားရေးကလည်း အကုန်ပျက်စီးသွားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ့် ငွေထပ်ရှာရမှာပဲလေ၊ အခုက တစ်ခုမှမရှိသေးတော့ ချေးငွေပြန်ဆပ်ဖို့အခက်အခဲတွေရှိနေတယ်”ဟု မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာမှ မြစိမ်းရောင်ချေးငွေယူထားသည့် အမျိုးသမီးတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ဒေသခံကျေးရွာသားများမှာ ရွာမှထွက်ပြေးတိမ်းရှောင်းခဲ့ရသဖြင့် မြစိမ်းရောင်ချေးငွေကိုပြန်မဆပ်နိုင်ဘဲ အခက်အခဲကြုံနေသည်ဟု ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြစိမ်းရောင်ချေးငွေမှာ ငွေတစ်သောင်းကျပ်ကို တစ်လလျှင် အတိုးငွေတစ်ရာကျပ်ဖြင့် လေးလတစ်ကြိမ်ပေးဆပ်ရသည်။

အဆိုပါအတိုးငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုလုပ်ဆောင်ခြင်းဖြစ်သဖြင့် ချေးငွေပြန်လည်ပေးဆပ်မှသာ ကျေးရွာတိုးတက်ရေးစီမံကိန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ကပြောသည်။

“ချေးငွေပြန်မဆပ်တော့ ကျနော်တို့အတွက်အခက်အခဲက ငွေမလည်ပတ်နိုင်ဘူး၊ ငွေကြေးလည်ပတ်မှုအပိုင်းမှာ အခက်အခဲဖြစ်တယ်။ ငွေကြေးမလည်ပတ်နိုင်တော့ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုတွေကိုမဆောင်ရွက်နိုင်ဘူး။ ဆိုတော့ ချေးငွေပြန်မဆပ်တဲ့ ကျေးရွာတွေပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်နစ်နာရတာပေါ့”ဟု ၎င်းကပြောသည်။

မြစိမ်းရောင်စီမံကိန်းမှရရှိသည့် အတိုးငွေ ၅၀ ရာခိုင်နှုန်းကို ယင်းကျေးရွာများဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုကြောင်းလည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ