- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
- ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ
- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
သံတွဲတွင် စစ်ဘေးရှောင်တိုးလာ၍ အကူအညီများလိုအပ်နေ
သံတွဲမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်နေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၂၀,၀၀၀ နီးပါးရှိလာကြောင်း သံတွဲဒေသခံများက ပြောသည်။
17 May 2024

DMG ၊ မေ ၁၇
စစ်ရေးပြင်းထန်နေသော သံတွဲမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်နေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၂၀,၀၀၀ နီးပါးရှိလာကြောင်း သံတွဲဒေသခံများက ပြောသည်။
အဆိုပါစာရင်းမှာ ဒေသခံများခန့်မှန်းထားခြင်းဖြစ်ပြီး စစ်ဘေးရှောင်အရေတွက်ကို အတိအကျကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
သံတွဲမြို့နယ်၊ လင်းသီကျေးရွာအတွင်း မေလ ၁၅ ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီးနောက် တိုက်ပွဲဧရိယာအတွင်းမှ ဒေသခံများအားလုံးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။
သံတွဲမြို့နယ်၊ ရေကောက်ကျေးရွာသားတစ်ဦးက “လင်းသီဖြစ်စဉ်ကြောင့် ရွာမှာကျန်ခဲ့တဲ့လူတွေအကုန်လုံးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြတယ်။ စစ်ဘေးရှောင်များလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်က များလာတယ်။ ကိုယ်ရပ်ရွာမှာဆိုရင် ဖြစ်သလိုရှာဖွေပြီး စားသောက်လို့ရသေးတယ်။ အခုက အကုန်လုံး ဝယ်ပြီး စားသောက်နေကြရတာ။ ကုန်ဈေးနှုန်းကလည်းထိုးတက်နေတော့ စားဝတ်နေရေးအတွက် တော်တော်လေးကို အခက်အခဲရှိတယ်” ဟု ပြောသည်။
သံတွဲမြို့နယ်ရှိ ကွေ့ချောင်း၊ ရေစင်၊ ရွှေလှေ၊ လင်းသီ၊ ရေကောက်၊ ဇီးကျွန်းနှင့် အောက်နတ်မော် ကျေးရွာအပါဝင် သံတွဲ - တောင်ကုတ်ကားလမ်း တိုက်ပွဲဧရိယာအတွင်းက ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာကျေးရွာများရှိ ဆွေမျိုးနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်ကြပြီး နိုင်ငံတကာနှင့် ဒေသတွင်းလူမှုကူညီရေးအဖွဲ့များ မရောက်ရှိသဖြင့် ပို၍ဒုက္ခရောက်နေကြသည်။
“ရခိုင်မြောက်ပိုင်းမှာလို သံတွဲဘက်ကို ကူညီရေးအဖွဲ့တွေသွားဖို့က မလွယ်ဘူး။ အဓိကတော့ စစ်ကောင်စီက လမ်းခရီးပိတ်ထားတာကြောင့် သွားလာရေးမှာ မထင်ရင်မထင်သလို ဒုက္ခရောက်နိုင်တယ်။ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ခက်ခဲနေတာကြောင့် စစ်ဘေးရှောင်တွေ ပိုပြီးဒုက္ခရောက်နေရတယ်” ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပါအဝင် မြို့အနီးရှိ ဘားဒေါင်းတောင်တပ်စခန်း၊ သူခိုးစမ်းတောင်ကြောနှင့် ဆင်ခေါင်းကျေးရွာအနီးရှိ နေဗီများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းတွင်လည်း ရွှေလှေတိုက်နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး နေစဉ်ရက်ဆက် တိုက်ပွဲပြင်းထန်းနေသည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
“ဒီရက်ပိုင်းမှာ တိုက်ပွဲတွေက နေ့တိုင်းဆိုသလို ဖြစ်နေကြတာ။ စစ်ကောင်စီဖက်က ကွေ့ချောင်းကျေးရွာအနီးနဲ့ ရွှေလှေကျေးရွာအနီးတွေမှာ လေကြောင်းနဲ့ပစ်နေတာရှိတယ်။ သံတွဲဖက်ကနေလည်း လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်” ဟု သူက ပြောသည်။
သံတွဲမြို့နယ်အတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၁၂ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၅ ဦးထက်မနည်းရှိလာသည်။
တိုက်ပွဲဖြစ်ပွားနေသည့် သံတွဲ-တောင်ကုတ်ကားလမ်းရှိ ကျေးရွာများကို စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနှင့် လျှပ်စစ်မီးဖြတ်တောက်ထားသည်။