လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကို လာရောက်သူနည်းပါး

မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ယနေ့(နိုဝင်ဘာ ၂၃)တွင် ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကို လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းသည့်အတွက် တက်ရောက်သူ နည်းပါးကြောင်း သိရသည်။

By Admin 23 Nov 2022

လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကို လာရောက်သူနည်းပါး

ယနေ့ပြုလုပ်သည့် ခမီနှစ်သစ်ကူးပွဲတော်ကို တွေ့ရစဥ် (Photo- Daw Khin Than)

DMG | နိုဝင်ဘာ ၂၃

မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ယနေ့(နိုဝင်ဘာ ၂၃)တွင် ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကို လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းသည့်အတွက် တက်ရောက်သူ နည်းပါးကြောင်း သိရသည်။

ယင်းကြောင့် ခမီနှစ်သစ်ကူးပွဲတော်ကို အကျဥ်းချုပ် ပြုလုပ်ခဲ့သည်ဟု ခမီတိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုဥက္ကဌ ဦးလေကျော်အောင်က ပြောသည်။

“ မနှစ်ကဆို မရာမာကြီး၊ သက္ကမ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပြင် ချင်းတိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ကလည်း တက်ရောက်ခဲ့ကြတယ်။ ဒီနှစ်က လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြံရေး အခြေအနေအရ သူတို့လည်း မတက်ရောက်ဖြစ်ကြပါဘူး။ ဒီနေ့ အခမ်းအနားက လူဦးရေ အားလုံးပေါင်း ၁၃ဝ လောက်ပဲ တက်ရောက်ခဲ့ကြပါတယ် ” ဟု ဦးလေကျော်အောင်က ပြောသည်။

ပြီးခဲ့သည့် (၅)ကြိမ်မြောက် ခမီနှစ်သစ်ကူးပွဲတော် အခမ်းအနားကို စစ်တွေမြို့ ခေမာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကာ လူဦးရေ နှစ်ရာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ် အခမ်းအနား ကျင်းပခွင့်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံသို့ ခွင့်ပြုချက် တင်ပြခဲ့ရပြီး ယမန်နှစ်ကကဲ့သို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း မရှိကြောင်း ဦးလေကျော်အောင်က ဆက်ပြောသည်။

ခမီတိုင်းရင်းသား နှစ်သစ်ကူး ပွဲတော်နေ့ကို နှစ်စဥ် နတ်တော်လဆန်း တစ်ရက်နေ့တွင် ၂၀၁၁ ခုနှစ်က စတင် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်မှ အခမ်းအနားကို စတင်ပြုလုပ် နိုင်ခဲ့ ကြောင်း သိရသည်။

“ ပွဲလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ခမီတိုင်းရင်းသားတွေဟာ တောင်ပေါ်မှာ နေတဲ့သူတွေ ဖြစ်တာနဲ့အညီ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတယ်။ တောင်ယာတွေ အားလုံးသိမ်းပြီးတဲ့ အချိန် ဒီနတ်တော်လမှာ ပျော်ပွဲရွင်ပွဲတွေလုပ်ရင်း ဒါဟာ နှစ်သစ်ကိုကြိုခြင်းဆိုပြီး သတ်မှတ်ခဲ့ကြတဲ့အတွက် ဒါကို လက်ဆင့်ကမ်းတဲ့သဘောပါ ” ဟု ဉီးလေကျော်အောင်က ရှင်းပြသည်။

ယနေ့ အခမ်းအနားတွင် ခမီသမိုင်းဆိုင်ရာများကို ဟောပြောခြင်း၊ ရိုးရာအစားအစားများ ကျွေးမွေးခြင်း၊ ရိုးရာအကတို့ဖြင့် ဖျော်ဖြေခြင်းများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက “ အကျဥ်းချုပ်ကျင်းပတယ် ဆိုပေမယ့် သူတို့အနေနဲ့ ပြည့်စုံကောင်းမွန်အောင် အားစိုက်ဆောက်ရွက်ထားတာကို တွေ့ခဲ့ရတဲ့အတွက် သူတို့ရဲ့စည်းလုံးမှုနဲ့ ရိုးရာဓလေ့ဖော်ထုတ်မှုတွေက တကယ်အားရဝမ်းသာစရာ ကောင်းပါတယ် ” ဟု ဒေါ်ခင်သန်းက ပြောသည်။

ရခိုင်ပြည်တွင် ခမီတိုင်းရင်းသား ဦးရေ (၈)သောင်းကျော်မှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြားနှင့် အမ်း စသည့်မြို့နယ်တို့တွင် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် အဓိက လုပ်ကိုင်ကြသည်။

ဗီဒီယိုများ