- ဗုံးစထိမှန်မှုကြောင့် မျက်လုံးထိခိုက်ခဲ့သည့် ပုဏ္ဏားကျွန်းက စစ်ရှောင်ကျောင်းသူတစ်ဦး အကူအညီလိုအပ်နေ
- " ရခိုင်ပြည် ရွေးကောက်ပွဲ အခင်းအကျင်း ဘယ်လိုဖြစ်လာမလဲ " Vox Pop
- ထိုင်းဂယ်လာရီတွင် ပြသထားသည့် တရုတ်နှင့် ဆက်စပ်သော အနုပညာလက်ရာများ ဖယ်ရှားခံရ
- ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ
- အာဆီယံကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာတွင် မြန်မာသို့လာပြီး ရွေးကောက်ပွဲ အစီအစဉ်များ လေ့လာမည်
AA နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးပြီး တိုက်ခိုက်
ပြင်းထန်လှသည့် အာရက္ခတပ်တော်(AA)နှင့် ရင်ဆိုင်တိုက်ပွဲများတွင် ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မူးယစ်ဆေးဝါးများ သုံးစွဲ၍ တိုက်ခိုက်နေကြောင်း သိရသည်။
07 Aug 2025

DMG ၊ ဩဂုတ် ၇
ပြင်းထန်လှသည့် အာရက္ခတပ်တော်(AA)နှင့် ရင်ဆိုင်တိုက်ပွဲများတွင် ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မူးယစ်ဆေးဝါးများ သုံးစွဲ၍ တိုက်ခိုက်နေကြောင်း သိရသည်။
တပ်ဖွဲ့ဝင်အများအပြားမှာ WY ဆေးပြားများ သုံးစွဲနေခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖွင့်ပြောကြသည်။
" မူးယစ်ဆေးဝါးသုံးတာ တော်တော်များများ ရှိတယ်ဗျ။ WY ဆိုရင် တော်တော်များများ သုံးတယ်ဗျ။ WY ကတော့ ထောက်ပို့လမ်းကြောင်းကနေ ကားတက်လာတဲ့ အခြေအနေမှာ ရတယ်။ WY က မသိတဲ့သူ ဝယ်ရင် တစ်လုံးကို သုံးသောင်းဗျ။ သိတဲ့သူဝယ်ရင် သုံးလုံးကို တစ်သောင်းငါးထောင်ကျပ်နဲ့ ရတယ် " ဟု စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ် တပ်သား နေသူရမျိုးက ပြောသည်။
နေသူရမျိုးသည် တပ်မ ၉၉ မှ စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဆင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လက မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်း ရှေ့တန်းကနေ အာရက္ခတပ်တော်ထံ အလင်းဝင်လာသူဖြစ်သည်။
ထို့အပြင် အမ်း- ပဒါန်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများမှာ မူးယစ်ဆေးဝါးသုံး စွဲ၍ တိုက်ခိုက်ကြောင်းကို ပြီးခဲ့သည့် ဇူလိုင် ၉ တွင် အာရက္ခတပ်တော်ထံ အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား နေလင်းအောင်က ဖွင့်ပြောထားသည်။
အလားတူ တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတိုက်ပွဲတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး အာရက္ခတပ်တော်က လက်ရဖမ်းဆီး ရရှိမှုများ ရှိကြောင်း သိရသည်။
" ဆေးပြားတွေရော ထိုးဆေးတွေရော မူးယစ်ဆေးဝါး မျိုးစုံပဲ။ ဒီကောင်တွေ(စစ်ကောင်စီတပ်သား) ဆီက ရတာ။ သိရသလောက်တော့ တိုက်ရဲ၊ ခိုက်ရေးစိတ် မရှိတဲ့ကောင်တွေ အများစုသုံးကြတာတွေ့တယ်။ တချို့ ဖမ်းမိတဲ့ ကောင်တွေဆိုရင်ဆေး သုံးများလို့ ကြောင်တောင်တောင်တွေပါ မြင်ရတယ် " ဟု မြေပြင်စစ်ရေးအခြေအနေကိုသိရှိသူ ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ရေးအရှုံးဖြင့် ကြုံနေရသူ စစ်ကောင်စီသည် ၎င်းတို့လက်အောက်ခံ မီဒီယာနှင့် သတင်းစာများတွင် ULA/ AA ကို မူးယစ်ဆေးဝါးသယ်ယူ ရောင်းချသူများအဖြင့် စွပ်စွဲဝါဒဖြန့်မှုတို့ကို မကြာခဏ ဖော်ပြလေ့ရှိသည်။
သို့သော်လည်း ရခိုင်အပါအဝင် ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ကယား (ကရင်နီ) နှင့် ကရင်ဒေသတို့တွင် စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် စခန်းများကို ကာကွယ်ရန် တိုက်ပွဲများအတွင်း ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲပြီး စစ်တိုက်ခြင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခံလာခြင်းဖြစ်သည်။
" စစ်ကောင်စီဟာ အာဏာမြဲဖို့ဆိုရင် တရားမဝင်တာရော၊ မဝင်တာတွေရော အကုန်လုပ်တဲ့ အဖွဲ့အစည်းဆိုတာ အားလုံးသိပြီးသားပဲ။ ဒါကြောင့် စိတ်ကြွစေတဲ့ မူးယစ်ဆေးဝါးတွေ တိုက်ပြီး ရှေ့တန်းက ရဲဘော်တွေကို အသုံးချတဲ့အထိ ရာဇဝတ်မှုတွေကို လုပ်ရဲကိုင်ရဲတာပေါ့ " ရခိုင်ဒေသ လူမှုအစည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအနှံ့ စစ်မျက်နှာ ဖွင့်ထားရသော စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ မြို့ပေါင်း ၁၀၀ ခန့်ကို လက်လွှတ်ဆုံးရှုံးထားရပြီး စစ်တပ်သမိုင်းတွင် ကြီးမားသော စစ်ရေးရှုံးနိမ့်မှုကို ရင်ဆိုင်နေရသည်။
လက်ရှိတွင် စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းအပြင် ကချင်၊ ကယား (ကရင်နီ)၊ ကရင်နှင့် ရခိုင်ဒေသတို့တွင် တိုက်ပွဲများရှိနေသည်။ အဆိုပါ ဒေသတိုက်ပွဲများအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီ၏ တပ်စခန်းများနှင့် စစ်သုံးပန့်များထံမှလည်း မူးယစ်ဆေးဝါး တွေ့ရှိမှုများ ရှိနေသည်။