- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မင်းပြားမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိ
မင်းပြားမြို့တွင် လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထက်ဝက်နီးပါးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
18 Nov 2023

DMG ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိကြောင်း DMG က လတ်တလော စုံစမ်းသိရှိရသည်။
မင်းပြားမြို့ ကျိန်းတောင်ဘုရားတောင်ပေါ်ရှိ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၇ ရက်၊ ညနေ ၆ နာရီအချိန်တွင် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်က အသက်(၆၀) ကျော်အရွယ် အမျိုးသားတစ်ဦးမှာ လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားခဲ့သည်။
ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိနေပြီး အသေးစိတ်ကို DMG က ဆက်လက် စုံစမ်းနေသည်။
စစ်ကောင်စီပစ်ခတ်မှုကြောင့် မင်းပြားမြို့တွင် လူနေအိမ်နှစ်ဆောင်နှင့် ပြည်သူ့ဆေးရုံတွင် ပျက်စီးမှုများရှိပြီး လက်နက်ကြီးကျည်တစ်လုံးမှာ မပေါက်ကွဲဘဲ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။
“အိမ်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ်ကျလို့ အရမ်းကို ပျက်စီးသွားတယ်။ မနေ့က တော်တော်လေး အခြေအနေဆိုးတယ်။ အိမ်ပေါ်မှာမရှိလို ကံကောင်းသွားတယ်လို့ ပြောရမယ်” ဟု နေအိမ်ပျက်စီးသွားသည့် မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
မင်းပြားမြို့ရှိ ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၉ ၊ ၅၄၁ နှင့် ၃၈၀ တပ်ရင်းများက လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုများရှိနေသည်။ ထို့ကြောင့် မင်းပြားမြို့တွင် နေထိုင်သူများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ လုံခြုံရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“အခုက မြို့ထဲမှာ လုံခြုံတယ်လို့မခံစားရတဲ့အတွက် နယ်ဖက်ကို တစ်အိမ်လုံးထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေတယ်” ဟု မင်းပြားမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
မင်းပြားမြို့တွင် လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထက်ဝက်နီးပါးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
“ဒီနေ့မနက်ပိုင်းမှာ မြို့ပေါ်လူတွေကတော့ ထက်ဝက်ကျော်နီးပါး ပြေးကုန်ကြပြီ။ မြို့ထဲမှာ အခြေအနေတွေဆိုးတယ်လို့ သိရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ပေါက်တောရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် ပေါက်တောမြို့ကို စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ သေဆုံး၊ ဒဏ်ရာရရှိမှု အနည်းဆုံး ၂၀ ဦးခန့်ရှိခဲ့ကာ လူဦးရေ ၂ သောင်းခွဲကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
DMG စာရင်းအရ ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်မှ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသူ လေးသောင်းကျော်အထိ ရှိနေသည်။
#D014 #DMG