ရန်ကုန်ရောက် ရခိုင်များကို စစ်ကောင်စီ မက်လုံးပေး စည်းရုံးလာ

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် ရန်ကုန်ကို ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများကို စစ်ကောင်စီက စားနပ်ရိက္ခာ နှစ်လစာပေးပြီး တိုင်းပြည်ချစ်စိတ်ရရှိကြရန် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။

By Admin 26 May 2025

၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက်က ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် ရန်ကုန်ရောက် ရခိုင်ဒေသခံများနှင့် တွေ့ဆုံပွဲ၌ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MRTV
၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက်က ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် ရန်ကုန်ရောက် ရခိုင်ဒေသခံများနှင့် တွေ့ဆုံပွဲ၌ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MRTV

DMG ၊ မေ ၂၆

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် ရန်ကုန်ကို ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများကို စစ်ကောင်စီက စားနပ်ရိက္ခာ နှစ်လစာပေးပြီး တိုင်းပြည်ချစ်စိတ်ရရှိကြရန် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။

မေ ၂၄ ရက်က ရခိုင်ပြည်က စစ်ဘေးရှောင်များကို ဖိတ်ခေါ်ကာ ရန်ကုန်တိုင်းအစိုးရရုံးတွင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တွေ့ဆုံပွဲပြုလုပ်ကာ စည်းရုံးနေခြင်း ဖြစ်ကြောင်း ရန်ကုန်ရောက်ရခိုင်များက ပြောသည်။

အဆိုပါပွဲတွင် စစ်ကောင်စီဝန်ကြီးက ရခိုင်တိုင်းရင်းသားများအပေါ် အမြဲစေတနာထားရှိကြောင်းနှင့် နေရပ်စွန့်ခွာ၍ ရောက်ရှိနေသူများကို စားနပ်ရိက္ခာ ၂ လစာ ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်အုန်း ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက " စကစကတော့ ပြည်မဘက်မှာရှိတဲ့ ရခိုင်တွေကို နည်းမျိုးစုံနဲ့ စည်းရုံးမှုလုပ်နေတာပဲ။ အခုလို ထောက်ပံ့ပေးမယ်လို့ ပြောတာလည်း အရင်ကတည်းကပါ။ ဘာတစ်ခုမှ ထိထိရောက်ရောက် ကူညီပေးတာမရှိခဲ့ဘူး။ အခုလည်း ကူညီမယ်။ စေတနာထားမယ်ဆိုပြီး အဖမ်းအဆီး အစစ်အဆေးလုပ်နေတာ အကုန်လုံး တွေ့နေရတာပဲ " ဟု ပြောသည်။

ရန်ကုန်တွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်စစ်ရှောင်များကို ပြီးခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီလတွင် စစ်ကောင်စီက တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဦးမောင်မောင်အုန်းသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

ရခိုင်ပြည်က လူငယ်များကို ပြည်ပထွက်ခွာခွင့်တားမြစ်ပြီး ရခိုင်တွင် စစ်မှုထမ်းရန် အာရက္ခတပ်တော်က ကြေညာပြီးချိန်တွင် ထိုသို့ ရန်ကုန်ရောက်စစ်ဘေးရှောင်များကို စည်းရုံးရေး၊ ပွဲလမ်းသဘင်များ ပြုလုပ်လာခြင်းမှာ စဉ်းစားစရာဖြစ်နေကြောင်း ရခိုင့်နိုင်ငံရေး အကဲခတ်သူတို့က ပြောသည်။

" နေရပ်စွန့်သူတွေကို အကူအညီပေးမယ်ဆိုတာနည်းနည်း စဉ်းစားကြည့်ဖို့ ကောင်းတယ်။ အခုလို ရခိုင်တွေကို ထောက်ပံ့ပေးမယ်လို့ ပြောဆိုတာဟာ ရခိုင်မှာ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးမှ ပြောတာဖြစ်လို့ ရခိုင်ကနေတစ် ဖက်လှည့်နဲ့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ဖို့လုပ်တဲ့ လူတွေကို ပိုပြီးလာချင်အောင် ဆွဲဆောင်မှုတစ်ရပ်လို့ မြင်တယ်။ ဒီလို ထောက်ပံ့ကူညီဖို့ဆိုတာ အရင်ကတည်းက လုပ်ရမယ့် အစီအစဉ်သာဖြစ်တယ် " ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ယင်းအပြင် ရခိုင်များအနေဖြင့် နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ချစ်စိတ် ပြသရမည်ဟုလည်း ဦးမောင်မောင်အုန်းက ပြောဆိုခဲ့သေးသည်။

သို့သော်လည်း မြေပြင်တွင် ရန်ကုန်ရောက် ရခိုင်များကို အကြောင်းအမျိုးမျိုးပြ စစ်ဆေးဖမ်းဆီးခြင်းများ၊ ထောင်ချခြင်းများ ရှိနေကြောင်း ရန်ကုန်ရောက် ရခိုင်များက ပြောဆိုသည်။

စစ်ကောင်စီသည် ရန်ကုန်ရောက်ရခိုင်များကို စည်းရုံးရေးလုပ်နေသော်လည်း အခြားတစ်ဖက်တွင် လက်လွှတ်လိုက်ရသော ရခိုင်က မြို့နယ်များကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသဖြင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။